လောက်ကိုင်က မလေးနိုင်ငံသားတစ်ရာကျော်ကို ကယ်ထားကြောင်း မလေးရှားပြော
2023.11.29

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ တိုက်ပွဲကြားပိတ်မိနေတဲ့ မလေးရှားနိုင်ငံသား ၁၂၇ ဦးကို ကယ်ဆယ်ထားပြီးဖြစ်တယ်လို့ မလေးရှားအစိုးရက ပြောကြောင်း AP သတင်းဌာနက နိုဝင်ဘာ ၂၈ ရက်နေ့က ဖော်ပြပါတယ်။
ကနဦးကယ်တင်ထားသူ ၂၆ ဦးကနေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ၁၂၇ ဦးအထိရှိလာကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဇမ်ဘရီ အဗ္ဗဒူ ကာဒီရာက နိုဝင်ဘာ ၂၇ ရက်နေ့မှာ ပြောကြားခဲ့တာလို့ ဆိုပါတယ်။
ကယ်တင်ထားသူအားလုံး ဘေးကင်းလုံခြုံတဲ့နေရာမှာရှိနေပြီး ဒီနေ့မှာနေရပ်ပြန်နိုင်ဖို့ မျှော်လင့်တယ်လို့ ဇမ်ဘရီက AP သတင်းဌာနကို ပြောပါတယ်။
မြန်မာနိုင်ငံထဲမှာ ဒုက္ခရောက်နေတဲ့ မလေးရှားနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံမှာ သွားအလုပ်လုပ်ရင် တစ်လကို အမေရိကန်ဒေါ်လာ ခြောက်ရာ့ငါးဆယ်လောက်ကနေ ဒေါ်လာတစ်ထောင့်သုံးရာလောက်အထိ ရမယ်ဆိုပြီး လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ကနေ အလုပ်ခေါ်တာကြောင့် သွားရောက်အလုပ်လုပ်ကြတာပါ။
ထိုင်းနိုင်ငံရောက်တဲ့အခါ အလုပ်မရဘဲ မြန်မာနိုင်ငံထဲကိုအပို့ခံရပြီး ငွေလိမ်ဂိုဏ်းတွေမှာ အတင်းအဓမ္မအလုပ်ခိုင်းခံရတာလို့ မလေးရှားရဲတပ်ဖွဲ့က ပြောထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား နှစ်ရာကျော်ကိုလည်း တရုတ်နိုင်ငံတစ်ဆင့် နေရပ်ပြန်ပို့နိုင်ခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက နိုဝင်ဘာ ၂၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
နိုဝင်ဘာ ၁၈ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့မှာ တိုက်ပွဲကြားပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၄၁ ဦးကို တာချီလိတ် အာဏာပိုင်တွေက ထိုင်းနိုင်ငံဘက်ကို ပြန်ပို့ခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြခဲ့ပါတယ်။