မလေးရှားကို မြန်မာလုပ်သားစေလွှတ်ဖို့ ဆွေးနွေး
2017.12.24

မြန်မာအလုပ်သမား စေလွှတ်မှု ရပ်ဆိုင်းထားတာ တစ်နှစ်ကျော် ကြာမြင့်နေပြီဖြစ်တဲ့ မလေးရှားနိုင်ငံကို အလုပ်သမားပြန်လည်စေလွှတ်ဖို့ ၈၀ ရာခိုင်နှုန်းလောက်သေချာနေပြီဖြစ်ကြောင်း အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် က ဒီနေ့ ပြောပါတယ်။
အလုပ်သမားပြန်လည်စေလွှတ်နိုင်ရေးအတွက် အလုပ်သမားဝန်ကြီးဌာနနဲ့ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီအဖွဲ့ချုပ် MOEAF တို့ ဒီကနေ့ ရန်ကုန်မြို့ ရန်ကင်းမြို့နယ်က အလုပ်သမား ကျွမ်းကျင်မှု ဖံ့ွဖြိုးတိုးတက်ရေး သင်တန်းကျောင်းမှာ ပြုလုပ်တဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ဦးမျိုးအောင်က ပြောတာ ဖြစ်ပါတယ်။
"ဒီနေ့တွေ့တဲ့ အကြောင်းအရာက ၈၀ ရာခိုင်နှုန်းလောက်က ပွင့်ပြီးသားနော်။ ဝန်ကြီးတွေကတော့ မန်းဒိတ်က ပေးပြီးသား။ ဒါပေမဲ့ ခုနကပြောတဲ့ လုပ်ထုံးလုပ်နည်းဆိုတာ ပညာ၊ ကျန်းမာကို ပြန်တင်ရ မှာ အေဂျင်စီတွေက ဘာတွေများလဲဆို ပွင့်ပွင့်လင်းလင်း ပြောရရင် Professional မဖြစ်တာလည်း ပါတယ်။ ပြီးရင် အေဂျင်စီတွေက လူကြီးတွေ ပို့တဲ့နေရာမှာလေ ဘယ်သူက သူရဦးရွှေမန်း ဆိုပြီးတော့ အမျိုးသားလွှတ်တော်ပေါ့။ အောက်မှာ အတွဲလိုက်ကြီး ဒေါ်အောင်ဆန်းစုကြည် ပို့တာလည်း ပါတယ်။ MOEAF ကနေ ပို့ပေးလေ အတွဲလိုက်ကြီး ထည့်ပေးနောက်က ဖွင့်ပေးပါ့မယ်လို့ ပြောတာ"
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က အလုပ်သမားတွေ စေလွှတ်ရာမှာ အဆင်ပြေအောင် ဆောင်ရွက်မယ်ဆိုတဲ့ ကတိကဝတ်တွေပေးဖို့လည်း အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကို တိုက်တွန်းခဲ့ပါတယ်။
ဒီနေ့ ဆွေးနွေးပွဲမှာ အလုပ်သမားအေဂျင်စီတွေက ပွဲစားပပျောက်ရေး၊ အလုပ်သမားဝန်ကြီးဌာနအတွင်း ကြိုးနီစနစ်နဲ့ အဆင့်ဆင့် လုပ်ကိုင်နေရတာတွေကို ဖြေလျှော့ပေးဖို့တို့ကို ဝန်ကြီးဌာနအနေနဲ့ လုပ်ဆောင်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
မလေးရှားနိုင်ငံမှာ လက်ရှိ မြန်မာအလုပ်သမား ၂သိန်း ကျော်ရှိနေပါတယ်။ အလုပ်ခေါ်စာရရှိထားပြီး မလေးရှားနိုင်ငံ မြန်မာသံအရာရှိ ထောက်ခံပေးထားတဲ့ မြန်မာအလုပ်သမား ၄ ထောင်ကျော်ကို မလေးရှားနိုင်ငံကို ပြန်လည် စေလွှတ်ဖို့ရှိသလို နောက်ထပ်စေလွှတ်ဖို့ ၃၀၀ ကျော် ကျန်ရှိနေပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ပြီးနောက် မြန်မာအလုပ်သမား စေလွှတ်မှုကို ယာယီရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။