မလေးရှား ရိက္ခာတင်သင်္ဘော ရန်ကုန်သို့ စတင်ထွက်ခွာလာ
2017.02.03
မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်ဆလင်တွေကို ကူညီဖို့ဆိုပြီး မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ် စေလွှတ်လိုက်တဲ့ ရိက္ခာတင် သင်္ဘောအုပ်စုဟာ ဒီကနေ့ စတင်ထွက်ခွာလာပြီ ဖြစ်ပါတယ်။
အဲဒီသင်္ဘောတွေပေါ်မှာ စားနပ်ရိက္ခာတန်ချိန် ၂၂၀၀ ကျော်၊ စေတနာ့ဝန်ထမ်း ၂၃၀၊ ဆရာဝန် အယောက် ၂၀ ၊ ကျန်းမာရေးလုပ်သား ၁၀ ဦး ပါဝင်ပြီး ရက် ၂၀ ကြာ ထွက်ခွာလာတာလို့ ဆိုပါတယ်။
သင်္ဘောဟာ ဖေဖော်ဝါရီ ၉ ရက်နေ့ ရန်ကုန်ဆိပ်ကမ်းကို ရောက်ရှိမှာဖြစ်ပြီး၊ ကုန်တန်ချိန် ၅၀၀ ကို ချထားပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနဖ်ဆိပ်ကမ်းကို ဆက်လက်ထွက်ခွာမယ်လို့ ကြေညာထားပါတယ်။
ဒီအတောအတွင်း အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းမှာ မနေ့ညက တာဝန်ကျ ရဲသားတစ်ဦးက အိပ်ပျော်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ရိုင်ဖယ်သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ရဲသား ၉ ဦး သေဆုံးခဲ့ရပါတယ်။
သူဟာ ပစ်ခတ်ပြီး သေဆုံးသွားတဲ့ ရဲတွေထံက လက်နက်တွေ ယူဆောင်ထွက်ပြေးသွားပါတယ်။ သူ့အနေနဲ့ တာလီဘန် မွတ်ဆလင်အစွန်းရောက် အကြမ်းဖက်သူပုန်တွေနဲ့ ပူးပေါင်းသွားဖွယ်ရှိတယ်လို့ လေ့လာသူတွေ က ပြောပါတယ်။
အလားတူ မနေ့ညကပဲ အာဖဂန်အရှေ့ပိုင်းက ပါတီကာ ပြည်နယ်မှာလည်း သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် ဘာသာရေးဆရာတစ်ယောက်နဲ့ ဇနီး သေဆုံးသွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ ဘယ်အဖွဲ့လက်ချက်ဆိုတာ မသိရသေးပါဘူး။ အာဖဂန်နစ္စတန်မှာ အလားတူ ပစ်ခတ် သတ်ဖြတ်မှုတွေ အခုနှစ်ပိုင်းအတွင်း တိုးများလာနေပါတယ်။