မလေးရှားအကူအညီတွေ စစ်တွေဆိပ်ကမ်းရောက်ရှိ


2017.02.22
malaysia-help-620.jpg မလေးရှားနိုင်ငံကနေ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေတင်ဆောင်လာတဲ့ သင်္ဘောကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့က စစ်တွေဆိပ်ကမ်းတွင် တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်အတွက် မလေးရှားနိုင်ငံကနေ လှူဒါန်းတဲ့ လူသားချင်းစာနာမှုအကူအညီတွေ စစ်တွေဆိပ်ကမ်းကို မနေ့က ရောက်ရှိနေပါတယ်။

အဲဒီပစ္စည်းတွေကို ရခိုင်ပြည်နယ် စစ်တွေ၊ ပေါက်တော၊ မြေပုံနဲ့ မောင်တောဒေသကို အဓိကဖြန့်ဝေ ပေးသွားမယ်လို့ အစိုးရအရာရှိတစ်ဦးက ပြောပါတယ်။

မနေ့က ရောက်ရှိလာတဲ့ လူသားချင်းစာနာမှုအကူအညီတွေဟာ ဆန်၊ ခေါက်ဆွဲခြောက်၊ ဖိနပ်၊ သွားတိုက်ဆေး၊ အမိုးအကာ၊ အကျီ ၤစတဲ့ စားနပ်ရိက္ခာနဲ့ လူသုံးကုန်ပစ္စည်းတွေဖြစ်ပြီး တန်ချိန်ပေါင်း ၃၅၀ ရှိတယ်လို့ သိရပါတယ်။

အဲဒီအထဲက တချို့ကို ဘူးသီးတောင်ဆိပ်ကမ်းကို မော်တော်ယာဉ်နဲ့ ဒီနေ့ စတင်သယ်ယူ ပို့ဆောင်ပေးနေပြီလို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်က မွတ်ဆလင်တွေကို ကူညီဖို့အတွက် မလေးရှားနိုင်ငံကနေ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေတင်ဆောင် လာတဲ့ Nautical Aliya သင်္ဘောဟာ ပြီးခဲတဲ့တပတ်က ရန်ကုန်မြို့အနီး သီလဝါဆိပ်ကမ်းမှာ ဆိုက်ကပ်ကာ ပစ္စည်းတွေလှူဒါန်းခဲ့တာဖြစ်ပြီး မနေ့က တပ်မတော်ရေယာဉ်နဲ့ စစ်တွေဆိပ်ကမ်းကို သယ်ယူလာခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။