မြန်မာကို မလေးရှား ရှုတ်ချ
2018.09.28

မလေးရှားဝန်ကြီးချုပ် Mahathir Mohamad မဟာသီယာ မိုဟာမက်က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို အစုအပြုံလိုက် သတ်ဖြတ်ခဲ့မှုအတွက် မြန်မာအစိုးရကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သောကြာနေ့ မနေ့က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။
မိမိအနေနဲ့ တိုင်းပြည်တစ်ခုရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်ခြင်း မပြုရဘူးဆိုတဲ့ အယူအဆကို လက်ခံယုံကြည်ပါတယ်။ ဒါပေမဲ့ အဲဒီအချက်ကြောင့် လူတွေ အစုအပြုံလိုက်သတ်ဖြတ်နေတာကို ကမ္ဘာကြီးက ဘာမှမလုပ်ပဲ ထိုင်ကြည့်နေကြမှာလားလို့လည်း မလေးရှား ဝန်ကြီးချုပ်က မေးခွန်းထုတ်ခဲ့ပါတယ်။
တဆက်တည်းမှာပဲ သူက တိုင်းပြည်တိုင်းမှာ ကိုယ်ပိုင် လွတ်လပ်ခွင့် ရှိတာမှန်ပေမယ့် သူ့နိုင်ငံသားတွေကို အစုအပြုံလိုက်လွတ်လပ်စွာ သတ်ဖြတ်ခွင့်တော့ မရှိပါဘူးလို့ ပြောပါတယ်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေ သတ်ဖြတ်ခံရတယ်၊ သူတို့အိမ်တွေ မီးရှို့တာခံရတယ်၊ သန်းနဲ့ချီတဲ့လူတွေ နိုင်ငံက ထွက်ပြေးရတယ်၊ ပင်လယ်ထဲမှာ ရေနစ်သေတာတွေရှိတယ်၊ ဖြစ်သလိုဆောက်ထားတဲ့ တဲအိမ်ကလေးတွေနဲ့ နေကြရတယ်၊ လုံလောက်တဲ့ အစာရေစာနဲ့ အညစ်အကြေးစွန့်ပြစ်မှုစနစ်တွေလည်း မရှိဘူး၊ အဲဒီလိုဖြစ်နေတာတွေကို နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်တစ်ယောက် ဦးဆောင်တဲ့ အစိုးရက အခုထိ မဟုတ်ပါဘူး ငြင်းဆိုနေတယ်လို့လည်း မလေးရှား ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပြောကြားခဲ့ပါတယ်။