မြန်မာ့အကျပ်အတည်း အဆုံးသတ်အောင် မလေးရှားက အာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်းကြိုးပမ်းမည်
2023.03.09

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးအကျပ်အတည်း ရပ်တန့်နိုင်အောင် အာဆီယံနိုင်ငံတွေ စုပေါင်းအဖြေရှာနိုင်ဖို့ မလေးရှားနိုင်ငံက ဆက်လက်ပြီး ကြိုးပမ်းသွားမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ်ဆရီ ဇမ်ဘရီ အက်ဘ် ကာဘီရာက မတ်လ ၉ ရက်နေ့က ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံ ပြဿနာပြေလည်စေဖို့ မလေးရှားနိုင်ငံနဲ့တိုင်ပင်ဆွေးနွေးရုံတင်မကဘဲ အာဆီယံနိုင်ငံအားလုံး သဘောတူတဲ့ ဖြေရှင်းနည်းတစ်ခု လိုအပ်တယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်လာဖို့ မလေးရှားနဲ့အခြားအာဆီယံ နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့မှုတွေ ချမှတ်အရေးယူဖို့ အစီအစဉ် ရှိမရှိ ဆိုတဲ့ မေးခွန်းကို မလေးရှား အောက်လွှတ်တော်မှာ အမတ်တစ်ဦးက မေးမြန်းရာမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တုံ့ပြန်ဖြေကြားခဲ့တာပါ။
အခုအချိန်မှာ မြန်မာနိုင်ငံပြဿနာဟာ အလွန်တရာရှုပ်ထွေးနေပြီး အင်အားကြီးနိုင်ငံတွေ ပါဝင်စွက်ဖက်လာမယ့် ဖြစ်နိုင်ခြေလည်း ရှိနေတဲ့အကြောင်း၊ ဒီလိုဖြစ်လာရင် ဒေသတွင်းမှာ အချိန်မရွေး စစ်မီးတောက်လောင်လာနိုင်တဲ့ အခြေအနေဖြစ်လာပြီး အရှေ့တောင်အာရှဒေသတစ်ခုလုံး မတည်မငြိမ် ဖြစ်လာလိမ့်မယ်လို့ သူက ပြောသွားပါတယ်။
မြန်မာနိုင်ငံက နိုင်ငံရေးနဲ့လူသားချင်းစာနာမှု အကျပ်အတည်း ဆက်လက်ဖြစ်ပွားနေတာ ပြေလည်သွားမယ့် လက္ခဏာ မတွေ့ရတဲ့အတွက် မလေးရှားနိုင်ငံအနေနဲ့ အထူးပဲ စိုးရိမ်ပူပန်နေတဲ့အကြောင်း၊ အာဆီယံနဲ့ရထားတဲ့ ဘုံသဘောတူညီချက် ငါးချက် အကောင်အထည်ဖော်ဆောင်ရွက်မှုဟာ စိတ်ကျေနပ်လောက်စရာ အခြေအနေမရောက်သေးပေမယ့် မလေးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ပြဿနာ ပြေလည်စေဖို့ ဆက်လက်ကူညီသွားမှာ ဖြစ်တယ်လို့ သူက ပြောသွားပါတယ်။
မလေးရှားနိုင်ငံအနေနဲ့မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး အုပ်ချုပ်နေတာကို အသိအမှတ်ပြုမှာ မဟုတ်တဲ့အကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီး ဇမ်ဘရီက ထပ်လောင်းပြောဆိုခဲ့ပါတယ်။