မလေးရှား ဝန်ကြီး ရိုဟင်ဂျာအရေး ဆွေးနွေးမယ်
2016.12.17

ရန်ကုန်မြို့မှာ ဒီလ ၁၉ ရက်နေ့ရောက်ရင် ကျင်းပမယ့် အာဆီယံ-အရှေ့တောင်အာရှနိုင်ငံများ အသင်း နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်သဘောဆွေးနွေးပွဲမှာ ရိုဟင်ဂျာတွေထွက်ပြေးတဲ့ကိစ္စ တင်ပြဖို့ရည်ရွယ်ထားတယ်လို့ မလေးရှားနိုင်ငံခြားရေးဌာနက မနေ့က ထုတ်ပြန်တဲ့ ကြေညာချက် မှာ ဖော်ပြလိုက်ပါတယ်။
ဒီဆွေးနွေးပွဲဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေအတွက် ညီညွတ်မျှတ ထိရောက်မြန်ဆန်ပြီး ရေရှည်ဖြေ ရှင်းချက် ရှာဖွေရအောင် နှိုင်းနှိုင်းချိန်ချိန်နဲ့ အမြင်ချင်းဖလှယ်ဖို့ အခွင့်အရေးတရပ် ဖြည့်ဆည်းပေးဖွယ်ရှိတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Anifah Aman က ပြောပါတယ်။
ဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ်က နောက်ဆုံးအဖြစ်အပျက်တွေကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို ရှင်းပြမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကတိပေးထားတယ်လို့လည်း ပြောပါတယ်။
ဒါဟာ ပြဿနာအဖြေရှာရေးအတွက် ပထမခြေလှမ်းပဲဖြစ်တဲ့တိုင်အောင် မှန်ကန်တဲ့ဦးတည်ချက်အတွက် အပြုသဘောဆောင်တဲ့ ခြေတစ်လှမ်းဖြစ်ပါတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အပြစ်မဲ့သူတွေ အသက်ဆုံးပါးရတာနဲ့ နေရပ်ရွှေ့ပြောင်းရတာ လက်မခံနိုင်စရာဖြစ်ပြီး ဒီထက်အခြေအနေ ပိုဆိုးဝါးနိုင်မယ့် ဘယ်အပြုအမူမျိုးမဆို ရှောင်ရှားကြပါလို့ ရခိုင်ပြည်နယ် မြောက်ပိုင်းက အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်သူတွေအားလုံးကိုလည်း သူကတိုက်တွန်းပါတယ်။
အာဆီယံပဋိညာဉ်နဲ့ အာဆီယံလူ့အခွင့်အရေး ကြေညာစာတမ်းမှာပါဝင်တဲ့ လူ့အခွင့်အရေး မြှင့်တင်ရေးနဲ့ ကာကွယ်ရေး နိုင်ငံတကာမူတွေကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက စောင့်ထိန်းလိုက်နာမယ်လို့ ယုံကြည်တဲ့ အကြောင်းလည်း မလေးရှားဝန်ကြီးက ပြောပါတယ်။