သဲဖြူကုန်းကျေးရွာ မြေပြိုမှု သေဆုံးသူ ၆၄ ဦးအထိရှိလာ
2019.08.13

မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာမှာ မြေပြိုကျခဲ့တာကြောင့် သေဆုံးခဲ့ရသူ ၆၄ ဦးရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိထားကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ဒီနေ့ညနေ ၄ နာရီကျော်မှာ သတင်းထုတ်ပြန်ပါတယ်။
ပေါင်မြို့နယ်မှာရှိတဲ့ မလတ်တောင်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့က မြေပြိုကျခဲ့တာဖြစ်ပြီး တောင်ခြေမှာရှိတဲ့ သဲဖြူကုန်းကျေးရွာထဲက နေအိမ်အများအပြား မြေစိုင်မြေခဲတွေပိပြီး ကျေးရွာသားအများစုနဲ့ ခရီးသွားတချို့ သေဆုံးခဲ့ရတာဖြစ်ပါတယ်။
အဲဒီမြေပြိုမှုဖြစ်တဲ့နေရာမှာ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ တပ်မတော်နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေကို မြေပြိုမှုဖြစ်ပွားပြီးချိန်ကစပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။
မနေ့ညကအထိ သေဆုံးသူ ၅၉ ဦးရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ဒီနေ့မှာ သေဆုံးသူ ၅ ဦးရဲ့ ရုပ်အလောင်း ကို ထပ်မံရရှိခဲ့တာကြောင့် စုစုပေါင်း ရုပ်အလောင်း ၆၄ အထိရှိလာတာဖြစ်ပါတယ်။
တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်အတွင်းမှာ ဒီရက်ပိုင်းတွေအတွင်း ဆက်လက်မိုးကြီးနိုင်တာကြောင့် မြေပြိုကျမှုတွေ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားပါတယ်။