တောင်ပြိုကျခဲ့ရာအနီးတဝိုက် အန္တရာယ်ဇုန်အဖြစ်သတ်မှတ်ထား
2019.08.10

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာအုပ်စုအတွင်းက မလတ်တောင်ပြိုကျမှုအနီးတဝိုက်ကို အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ပြီး အစိုးရက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
မလတ်တောင်ပြိုကျမှုမှာ မနေ့က ညပိုင်းအထိ သေဆုံးသူ ရုပ်အလောင်း ၂၂ လောင်း ရရှိထားခဲ့ရာကနေ ဒီနေ့မှာ နောက်ထပ် အလောင်း ၁၂ လောင်းကို ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်သူတွေက ထပ်မံ တွေ့ရှိခဲ့တာကြောင့် စုစုပေါင်း ရုပ်အလောင်း ၃၄ လောင်း ရှာဖွေ့တွေ့ရှိပြီး ဖြစ်ပါတယ်။
ရှာဖွေတွေ့ရှိထားတဲ့ အလောင်းတွေထဲမှာ အမျိုးသား ၁၇ လောင်း၊ အမျိုးသမီး ၁၄ လောင်းနဲ့ ကလေးငယ် ၃ လောင်း ပါဝင်တယ်လို့ သွားရောက်ကြည့်ရှုကြသူတွေက ပြောပါတယ်။
လက်ရှိမှာ မိုးဆက်လက်ရွာသွန်းနေတာကြောင့် တောင်ဆက်လက်ပြိုကျနိုင်တဲ့အတွက် အဲဒီနေရာကို အန္တရာယ်ဇုန်လို့ သတ်မှတ်ထားတယ်လို့ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မိကွန်ချမ်းက ပြောပါတယ်။
"ပြိုနိုင်ဖို့က မိုးကကောင်းနေတယ်ဆိုတော့ စိတ်မချရဘူး။ လမ်းကိုပိတ်ထားတာ ဖြတ်သန်းခွင့်မပေးဘူး။ ဒါဟာ မသေချာဘူး။ နောက်ထပ်လည်း ပြိုလာနိုင်တယ်ဆိုတာလည်း ဆော်သြထားတယ်။ ဒါပေမဲ့ လူတွေက ဘုရားပွဲ လိုပဲ လာကြည့်တာ။ သူတို့အတွက် စိုးရိမ်တာပါ။ ဒါပေမဲ့ ပြောလည်းမရဘူး။ အန္တရာယ်ဇုန်လို့ သတ်မှတ်ပြီး ကားလမ်းတွေတောင် ကျမတို့က ဟိုဘက်ဒီဘက် ပိတ်ထားတာ။ ဒါလည်း လူတွေနဲ့ကို မနိုင်ဘူး"
တောင်ပြိုကျမှုကြောင့် ဒဏ်ရာရရှိခဲ့သူ ၄၇ ဦးရှိပြီး ၄၅ ဦးက မော်လမြိုင်ဆေးရုံကြီးမှာ တက်ရောက် ကုသနေရပါတယ်။
ဒါ့အပြင် ကျန်မိသားစုဝင်တွေကို ပေါင်မြို့နယ်အတွင်းက မုတ္တမထန်းလေးကျောင်းမှာ နေရာချထားပေးထားတာတွေလည်း ရှိနေပါတယ်။
ပျောက်ဆုံးနေသူ အများအပြားရှိနေသေးတဲ့အတွက် ရှာဖွေရေးလုပ်ငန်းတွေဆက်လုပ်နေပြီး မြေကြီးတွေ၊ ကျောက်တုံးတွေ၊ အိမ်တွေကို မြေတူးစက်တွေနဲ့ တူးဖော်နေရတဲ့အပြင် မိုးကလည်းရွာသွန်းနေတဲ့အတွက် လုပ်ငန်း ကြန့်ကြာတာတွေရှိတယ်လို့ ပြောပါတယ်။
ဒီနေ့မှာတော့ ဒုသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံတို့လည်း ကယ်ဆယ်ရေး ဆောင် ရွက်နေတဲ့ နေရာကို လာသွားပါတယ်။
သေဆုံးသူတွေကို နစ်နာကြေးပေးဖို့၊ ကယ်ဆယ်ရေးဆောင်ရွက်နေသူတွေကို အားပေးဖို့၊ ပြန်လည်ထူထောင် ရေးလုပ်ငန်းဆောင်ရွက်ဖို့နဲ့ ပြိုကျခဲ့တဲ့ တောင်အခြေအနေကို လာရောက်ကြည့်ရှုတာလို့ သိရပါတယ်။
မလတ်တောင်ပြိုကျမှုကြောင့် အိမ်အလုံးရေ ၂၇ လုံး မြေပိသွားခဲ့ပါတယ်။
ဒီနေ့မနက်ပိုင်းမှာလည်း မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းက ကလော့ကျေးရွာနဲ့ အပြိုင်ကျေးရွာကြားက တောင်ကမ်းပါးလည်း ပြိုကျခဲ့ပါတယ်။
တောင်ကမ်းပါးပြိုကျခဲ့တာကြောင့် နေအိမ် သုံးလုံးပျက်စီးခဲ့ပြီး လူဦးရေ ၁၀၀ လောက်ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက ပြောပါတယ်။
"တောင်ပြိုတော့ အိမ် သုံးလုံးတော့ ပြိုသွားပြီ။ လူအသေအပျောက်တော့ မရှိဘူး။ ဒဏ်ရာ နည်းနည်းပါးပါး ရတာရှိတယ်။ အောက်မှာ အိမ် ၃၊ ၄၊ ၅၀ လောက်ရှိတယ်။ အန္တရာယ်ရှိနေသေးတယ်။ လောလောဆယ် ထပ်မပြိုအောင် လုပ်ပေးနေကြတယ်။ လူဦးရေအတိအကျတော့ လောလောဆယ် ကျနော်မသိဘူး။ ဒီအနီးနား တစ်ဝိုက်ဆိုတော့ ရှိမှာပေါ့ ၁၀၀ လောက်တော့ ရွှေ့ခိုင်းထားတယ်"
မွန်ပြည်နယ်အတွင်းက ရေးမြို့နယ်မှာဆိုရင်လည်း အခုလ ၉ ရက်နေ့ မနက် ၁ နာရီခန့်က မကျည်းကျေးရွာ နားက တောင်ကမ်းပါးပြိုကျတာကြောင့် တောင်ခြေမှာရှိတဲ့ နေအိမ် တစ်လုံးက အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီး တစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
အရင်က တောင်ပြိုကျတာတွေဖြစ်လေ့မရှိပေမယ့် အခုရက်ပိုင်းအတွင်း တောင်ကမ်းပါးပြိုကျမှုတွေဖြစ်လာ တဲ့အတွက် တောင်ခြေမှာ နေထိုင်ကြသူတွေအနေနဲ့ စိုးရိမ်နေကြတယ်လို့ ရေးလူမှုအကျိုးဆောင်အဖွဲ့က ဦးအောင်နိုင်ဝင်း ကပြောပါတယ်။
"တောင်ပြိုတာက ဖြစ်ခဲတယ်ဆိုတော့ ပထမတုန်းကတော့ စိုးရိမ်စိတ်မရှိဘူး။ အခုတော့ တောင်ခြေမှာရှိတဲ့ ရွာတွေက တောင်ပြိုတဲ့ ဖြစ်စဉ်တွေကို မြင်လာရတဲ့အချိန်၊ ကြုံလာရတဲ့အချိန်မှာ စိုးရိမ်လာကြတယ်။ ဒီဟာတွေက သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စ သစ်ပင်တွေခုတ်လို့ ဖြစ်လာရတယ်ဆိုတာ အားလုံးစိတ်မှာ တွေးမိတာပေါ့ဗျ"
ဒီနေ့အထိ ရေးမြို့နယ်အတွင်းမှာဆိုရင် မိုးများလို့ မြို့ပေါ် ရှစ်ရပ်ကွက်နဲ့ ကျေးရွာ ခုနှစ်ရွာ ရေမြုပ်နေပြီး အနိမ့်ပိုင်းနေရာတွေမှာ ရေ ၁၁ ပေလောက်အထိ ရှိနေပါတယ်။
ရေးမြို့နယ်အတွင်း ရေဘေးကယ်ဆယ်ရေးစခန်း ရှစ်ခုဖွင့်ထားပြီး ဒုက္ခသည် ၄၀၀၀ ကျော်ခိုလှုံနေရတယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။
ဒီရက်ပိုင်းအတွင်း မွန်ပြည်နယ်အတွင်းမှာ မိုးများနေတဲ့အတွက် မော်လမြိုင်၊ သထုံ၊ မုဒုံ၊ ပေါင်၊ ရေးနဲ့ သံဖြူဇရပ် မြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး ဒေသခံတွေဟာ ကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။
(RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြသည်)