ပေါင်မြို့နယ်၊ မလတ်တောင်ပြိုကျမှု ရှာဖွေရေးလုပ်ငန်းတွေရပ်ဆိုင်း


2019.08.25
paung-landslide-622.jpg မွန်ပြည်နယ်၊ ပေါင်မြို့နယ် သဲဖြူကုန်းရွာ မြေပြိုကျမှုဖြစ်တဲ့နေရာမှာ ရှာဖွေကယ်ဆယ်ရေးလုပ်နေတာကို ၂၀၁၉၊ သြဂုတ် ၁၃ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ - အောင်သိင်္ခ/ RFA

ကလေးငယ် သုံးဦးရဲ့ ရုပ်အလောင်းတွေ ကျန်ရှိနိုင်တယ်လို့ တွက်ချက်ထားပေမယ့် ရှာဖွေဖို့ မလွယ်ကူတော့ တာကြောင့် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ၊ မလတ်တောင်ပြိုကျမှု ရှာဖွေရေး လုပ်ငန်းစဉ်တွေကို ရပ်ဆိုင်းလိုက်ပြီလို့ သိရပါတယ်။

ရှာဖွေဖို့ ခက်ခဲသလို ရုပ်အလောင်း ရရှိဖို့ မကျိန်းသေတော့တာကို မိသားစုဝင်တွေကလည်း သိတဲ့အတွက် ဘာမှပြောဆိုကန့်ကွက်ခြင်းမရှိကြောင်းနဲ့ အစိုးရအဖွဲ့က ရပ်ဆိုင်းဖို့ ညွန်ကြားလိုက်တာဖြစ်တယ်လို့ ပေါင်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မိကွန်ချမ်းက ပြောပါတယ်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေကို အခုလ ၁၈ ရက်နေ့အထိ ဆောင်ရွက်ခဲ့ပြီးနောက် ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

ရှာဖွေမှုမှာ သေဆုံးပြီး ရုပ်အလောင်း ၆၉ လောင်း ရရှိခဲ့ပြီး ဆေးရုံတင်ပို့ခဲ့သူ တစ်ဦးရှိခဲ့ပြီး ဆေးရုံတင်ခဲ့ရသူလည်း သေဆုံးသွားပြီလို့ မိကွန်ချမ်းက ပြောပါတယ်။

ရန်ကုန်-မော်လမြိုင် ကားလမ်းဘေးမှာရှိတဲ့ မလတ်တောင်ဟာ သြဂုတ်လ ၉ ရက်နေ့ မနက် ၈ နာရီခန့်က ပြိုကျခဲ့တာဖြစ်ပြီး နေအိမ် ၂၇ လုံးနဲ့ လမ်းမပေါ်မှာ ရပ်နားထားတဲ့ ယာဉ်မျိုးစုံ ၁၀ စီး မြေဖုံးလွှမ်းသွားခဲ့တာပါ။

မြေပြိုကျပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို မီးသတ်အပါအဝင် အဖွဲ့အစည်းအသီးသီးက ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။

(RFA သတင်းထောက် မဝေမာထွန်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။