UWSA ထိန်းချုပ်တဲ့ မိုင်းပေါက်မြို့ တရုတ်ငွေလိမ်ကုမ္ပဏီမှာ မြန်မာ ၁၀ ဦး တိုက်ပိတ် နှိပ်စက်ခံနေရ
2023.03.22

၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်ရာ မိုင်းပေါက်မြို့ ရဲစခန်းအနီးက ဇီကြင့်လို့ခေါ်တဲ့ အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ ကျားဖြန့်ကုမ္ပဏီမှာ မြန်မာနိုင်ငံသား ၁၀ ဦး တိုက်ပိတ် နှိပ်စက်ခံနေရတယ်လို့ အဲဒီနေရာကနေ ပြန်လွတ်လာတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
သူတို့ဟာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့ကစပြီး အဲဒီ အွန်လိုင်းကငွေလိမ်တဲ့ ကုမ္ပဏီမှာ တစ်လကို တရုတ်ငွေ ယွမ် ၃၀၀၀ နဲ့ အလုပ်လုပ်ခဲ့ကြတာလို့ ဆိုပါတယ်။
ဒါပေမဲ့ တစ်လကျော်အကြာမှာတော့ လုပ်ခမပေးတဲ့အပြင် အချိန်ပိုပါ တစ်နေ့လေးနာရီ ဆင်းခိုင်းတာကြောင့် အလုပ်ရှင်နဲ့ အဆင်မပြေဖြစ်ပြီး အခုလို တိုက်ပိတ်ခံရတာလို့ ပြန်လွတ်လာတဲ့ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
“ကျမတို့က ကုမ္ပဏီနဲ့ စာချုပ်ရှစ်လချုပ်ထားတာ။ အလုပ်ဝင်တုန်းက တစ်လပြည့်တာနဲ့ လစာပေးမယ်လို့ ပြောခဲ့တယ်။ တစ်လပြည့်တော့ လစာမပေးတဲ့အပြင် ညီမတို့ကို အချိန်ပို လေးနာရီဆင်းခိုင်းတယ်။ ညီမတို့က မလုပ်နိုင်ဘူးဆိုတော့ ညီမတို့ကို အလုပ်ထုတ်ပြီး တစ်ယောက်ကို တရုတ်ယွမ် တစ်သောင်းခွဲ (မြန်မာငွေ သိန်း ၆၀ ခန့်) ပြန်လျော်ခိုင်းတယ်။ အဲနေ့ညမှာပဲ ညီမတို့ကို ရဲစခန်းကို ခေါ်သွားတယ်”
ငါးရက်ကြာ ရဲစခန်းမှာ နေထိုင်ခဲ့ရသလို မတ်လ ၃ ရက်မှာတော့ ရဲစခန်းကနေ စကားပြန်ဆိုသူက ပြန်လာခေါ်ပြီး ကုမ္ပဏီမှာ တိုက်ပိတ်ဖမ်းဆီးထားခဲ့တာလို့ ဆိုပါတယ်။
တိုက်ပိတ်ခံထားရသူတွေအနေနဲ့ လတ်တလောနှိပ်စက်မခံချင်ရင် ကျင်ငွေသိန်း ၂၀ ပေးဖို့နဲ့ ပြန်လွတ်ချင်ရင်တော့ လျော်ကြေးငွေ သိန်း ၄၀ ထပ်ပေးရမယ်လို့ ကုမ္ပဏီက တောင်းနေတာကြောင့် မိသားစုဝင်တွေ အခက်အခဲ ဖြစ်နေတယ်လို့လည်း ပြန်လွတ်လာတဲ့ အမျိုးသမီးက ပြောပါတယ်။
တိုက်ပိတ်ထားချိန် အစာပုံမှန်မကျွေးတာ၊ အခင်းမပါတဲ့ ကြမ်းပြင်မှာ အိပ်ခိုင်းတာ၊ ကြမ်းပြင်ကို ရေလောင်းပြီး လျှပ်စစ်တုတ်နဲ့တို့တာ စတဲ့နှိပ်စက်မှုတွေပါ ခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။
သူ့ကိုတော့ ကိုယ်ဝန်ရှိနေတာကြောင့် ကုမ္ပဏီဘက်က ပြန်လွှတ်ပေးခဲ့ပေမယ့် သူ့အမျိုးသားအပါအဝင် အမျိုးသား ခုနစ်ဦးနဲ့ အမျိုးသမီးသုံးဦး စုစုပေါင်း ၁၀ ဦးကတော့ လက်ရှိအထိ နှိပ်စက်ခံနေရတယ်လို့ ပြောပါတယ်။
အဲဒီအထဲမှာ ရှမ်းပြည်မြောက်ပိုင်း မန်တုံက အမျိုးသားသုံးဦး၊ နမ့်ခမ်းက အမျိုးသားတစ်ဦး၊ မန္တလေးက အမျိုးသားတစ်ဦး၊ ပုသိမ်မြို့က အမျိုးသမီးတစ်ဦး၊ သီပေါက အမျိုးသမီးနှစ်ဦး၊ တောင်ကြီးက အမျိုးသမီးတစ်ဦးနဲ့ မဘိမ်းမြို့နယ်က အမျိုးသားတစ်ဦး ပါဝင်ပါတယ်။
ဒီကိစ္စအတွက် မန္တလေးမှာရှိတဲ့ စစ်ကောင်စီရဲ့ လူကုန်ကူးတိုက်ဖျက်ရေးရုံးကို တိုင်ကြားထားသလို အဲဒီစားရင်းတွေကို UWSA ဆက်ဆံရေးရုံးတွေကိုပါ ပို့ထားတယ်လို့ ပြန်လွတ်လာတဲ့ အမျိုးသမီးက ပြောပါတယ်။
UWSA ဆက်ဆံရေးတာဝန်ရှိသူ ဦးညီရမ်းကတော့ ဒီကိစ္စအတွက် စစ်ကောင်စီရဲ့ လူကုန်ကူးတာဆီးနှိမ်နှင်းရေး ရုံးကတဆင့် သူတို့ဆက်ဆံရေးရုံးကို စာပို့ဖို့နဲ့ စာရောက်လာရင် ဌာနချုပ်ကို တင်ပြပေးသွားမယ်လို့ RFA ကို အွန်လိုင်းကနေ ပြန်လည်ဖြေဆိုပါတယ်။
အခုလို မြန်မာနိုင်ငံသားတွေကို တိုက်ပိတ်နှိပ်စက်နေတဲ့ ကိစ္စအပေါ် တုံ့ပြန်ချက်ရဖို့ ဇီကြင့်လို့ခေါ်တဲ့ အဲဒီ ငွေလိမ်ကုမ္ပဏီကို RFA က ကြိုးစားဆက်သွယ်နေပါတယ်။
UWSA ထိန်းချုပ်တဲ့ မြို့တွေမှာ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေကို တရုတ်နိုင်ငံသားတွေ ဦးဆောင်လုပ်ကိုင်နေပြီး မြန်မာနိုင်ငံသား အများအပြားလည်း အဲဒီလုပ်ငန်းတွေမှာ ရောင်းစားခံရတာ လိမ်လည်ခေါ်ဆောင်ခံရတာနဲ့ နှိပ်စက်ခံရတာတွေ မကြာခဏဖြစ်နေပါတယ်။