မကွေးမီးဘေးအတွက် သမဂ္ဂတွေ ကူညီ


2014.05.19

မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်၊ အမှတ် ၂ အလယ်စုရပ်ကွက်က မီးဘေးဒုက္ခသည်တွေကို မကွေးတိုင်း တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေနဲ့ တောင်သူလယ်သမားသမဂ္ဂတွေက ငွေကျပ်သိန်း ၂၀ လောက်တန်ဖိုး ရှိတဲ့ ကျောင်းသုံးစာအုပ်တွေ၊ ကျောင်းဝတ်စုံတွေနဲ့ အခြေခံစားသောက်ကုန်တွေကို ဒီကနေ့ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က စေတုတ္တရာမြို့နယ် အမှတ် ၂ အလယ်စုရပ်ကွက်မှာ မီးလောင်ခဲ့ရာ အိမ်ခြေ ၁၀၀ နီးပါး မီးထဲပါသွားပြီး လူဦးရေ ၄၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။ မီးဘေးဒုက္ခသည်တွေ အကူအညီ လိုအပ်နေတဲ့အကြောင်း အဲဒီအမှတ် ၂ အလယ်စုရပ်ကွက်မှာ နေထိုင်သူ ကိုဝင်းမြင့်ထွေးက ပြောပါတယ်။

"ဌာနဆိုင်ရာအနေနဲ့ ကူညီမယ်ဆိုရင်တော့ တန်ဖိုးနည်းအိမ်ရာကို မိုးမကျမီမှာ အမြန်ဆုံး စီစဉ်ပေးစေချင်ပါတယ် ၊ နောက်ထပ်အလှူရှင်များလာမယ်ဆိုရင်လည်း ဒီမှာအခြေခံစားသောက်ကုန်တွေက ပြည့်စုံနေပြီဖြစ်တဲ့ အတွက် စောင်၊ ခြင်ထောင်၊ ခေါင်းအုန်းတို့ လောလောဆယ် အရေးပေါ်လိုအပ်နေပါတယ်လို့၊ ကလေးတွေရဲ့ ကျန်းမာရေး၊ ပညာရေးအနေနဲ့ရော ရာသီဥတုကလည်း မိုးရွာလာတော့မယ့် အနေအထားကို ရောက်နေရတဲ့ အတွက် အခက်အခဲလေးတွေရှိပါတယ်"

မီးဘေးဒုက္ခသည်အများစုဟာ နီးစပ်ရာဆွေမျိုးအိမ်တွေမှာ လိုက်လံနေထိုင်နေကြပြီး စလင်း၊ ပွင့်ဖြူ၊ စကု စတဲ့မြို့နယ်တွေက လူမှုအဖွဲ့အစည်းတွေကလည်း  ကူညီပေးကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။