ပေါက်မြို့နယ် အင်းငယ်ဒေါင့်ရွာက သားအမိနှစ်ဦး အသတ်ခံရ

2022.03.09
ပေါက်မြို့နယ် အင်းငယ်ဒေါင့်ရွာက သားအမိနှစ်ဦး အသတ်ခံရ ၂ဝ၂၂ ခုနှစ် မတ်လ ၃ရက်နေ့က မကွေးတိုင်း၊ ပေါက်မြို့နယ်က မီးရှို့ခံထားရသည့် နေအိမ်တစ်လုံး။
Photo:CJ

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အင်းငယ်ဒေါင့်ရွာထဲကို မတ်လ ၅ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေ ဝင်ရောက်လာပြီးနောက် လေးနှစ်အရွယ်ကလေးနဲ့ မိခင်ဖြစ်သူတို့ အသတ်ခံလိုက်ရတယ်လို့ အဲဒီရွာနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မတ်လ ၅ ရက်က ရွာထဲမှာ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် အသက် ၄၂ နှစ်အရွယ် မအေးအေးဝင်းနဲ့ လေးနှစ်အရွယ် သမီးမရတီမိုးတို့ အသတ်ခံလိုက်ရတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

" သူတို့အိမ်ဘေးမှာ ဒလန်ရှိတယ်။ သူတို့မှာ သိန်းငါးဆယ် ရှိတယ်ဆိုပြီးတော့ စစ်ကောင်စီနဲ့ ပျူစောထီးတွေကို ပြောထားပုံရတယ်။ အဲဒါကို သူတို့အဖွဲ့တွေက ဝင်လုတယ်။ ဝင်လုတဲ့အခါကျတော့ မအေးအေးဝင်းက လေးနှစ်သမီးလေးကို ချီထားတာ။ အဲဒီသမီးလေးကို ပါတဲ့ လှံစွပ်နဲ့ ထိုးသတ်တယ်။ နောက်ပြီး မအေးအေးဝင်းကို သေနတ်နဲ့ ပစ်သတ်သွားတယ် "

နောက်ထပ်လည်း ၁၁ နှစ်အရွယ် သမီးဖြစ်သူကိုပါ ဖမ်းခေါ်သွားကာ နောက်ပိုင်း သေဆုံးတယ်ဆိုပြီး သတင်းထွက်နေတယ်လို့ ပြောကြပါတယ်။

RFA က ကာယကံရှင်မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရဖို့ ကြိုးစားနေပါတယ်။
သေဆုံးသွားတဲ့ မအေးအေးဝင်းတို့ သားအမိ နှစ်ဦးကိုတော့ ရွာသားတွေက မတ်လ ၈ ရက် မနေ့က သင်္ဂြိုဟ်လိုက်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂ ရက်နဲ့ ၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့တွေက လယ်ယာရွာနဲ့ လက်ပံလှရွာတွေကို ဝင်ရောက် ခဲ့ပြီး တစ်ဆက်တည်းမှာပဲ မတ်လ ၅ ရက်မှာ အင်းငယ်ဒေါင့်ရွာကို ဝင်ရောက်လာချိန်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့လည်း ပြောပါတယ်။

အင်းငယ်ဒေါင့်ရွာတိုက်ပွဲမှာ PDF တပ်ဖွဲ့ဝင် ငါးဦးလည်း မီးရှို့အသတ်ခံလိုက်ရပြီး နေအိမ် သုံးလုံးခန့် မီးရှို့ ဖျက်ဆီးခံလိုက်ရသလို ရွာသား ၂၀ ကျော်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

အခုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်ပြုချက် မရသေးသလို စစ်ကောင်စီ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။