မဲဆောက်မြို့က ရွှေဆိုင် ဓားပြတိုက်ခံရ
2025.03.02

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ Lotus စျေးဝယ်စင်တာက သြရွဇာ ရွှေဆိုင်ကို မတ်လ ၂ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်ဝန်းကျင်မှာ အမျိုးသားတစ်ဦးက သေနတ်ပစ်ဖောက် ဝင်ရောက်လာပြီး ဆိုင်ထဲက ရွှေဆွဲကြိုးတွေကို လုယက်သွားခဲ့ပါတယ်။
အဲဒီလုယက်မှုကို မဲဆောက်အခြေစိုက် ထိုင်းသတင်းတွေက ဖော်ပြရာမှာတော့ သေနတ်ကိုင်ထားသူက သေနတ်တစ်ချက် ပစ်ဖောက် ဝင်ရောက်လာပြီး ရွှေဆိုင်အတွင်းက ရွှေဆွဲကြိုး၊ ရွှေဘယက်တွေကို လုယက်ယူဆောင်သွားရာမှာ ရွှေချိန် တစ်ရာ့နှစ်ကျပ်သားခန့် လုယက်ခံရတယ်လို့ ရေးသားဖော်ပြပါတယ်။
ရွှေဆိုင်လုယက်ခံရပြီးနောက် ရဲတပ်ဖွဲ့က မြို့တွင်းမှာ စစ်ဆေးရေးလုပ်နေတယ်လို့ မဲဆောက်မြို့ခံတစ်ဦးက ပြောပါတယ်။
"ပါဆယ်ပို့တဲ့ Line Man အင်္ကျီနဲ့ ဝင်လာတယ်။ သေနတ် တစ်ချက်ပစ်ပြီး၊ ဆွဲကြိုး မှန်ဘီဒိုကို ဖွင့်ပြီးအိတ်ထဲ ထည့်ယူပြီး ထွက်သွားတာ အေးဆေးပဲ။ အဲဒါ အခု CCTV ရုပ်သံတွေ လိုင်းပေါ် တက်နေတယ်လေ၊ မြို့ထဲတော့ မဲဆောက်ရဲတွေ ဆိုင်ကယ်တွေ မီးတန်းကားတွေ ပတ်နေပြီ၊ ဂိတ်ချစစ်နေပြီ"
ကျူးလွန်တဲ့ တရားခံကို မမိသေးတာကြောင့် မြန်မာနိုင်ငံသားတွေ ဖမ်းဆီးစစ်ဆေးခံရမှာကို စိုးရိမ်မှုမြင့်တက်နေကြောင်း မဲဆောက်ရောက် မြန်မာနိုင်ငံသားတစ်ဦးက ပြောပါတယ်။
"ဒီရက်ထဲ မဲဆောက်မှာ မြန်မာ ပစ္စည်းရောင်းတဲ့ဈေးဆိုင်တွေ ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်တွေ ဆက်တိုက်စစ်ဆေးဖမ်းဆီးနေတယ်။ အခုလည်း Lotus ကုန်တိုက်က ရွှေဆိုင်မှာဝင်လုတယ်ဆိုတော့ လုတဲ့ကောင်မမိသေးလို့ ရပ်ကွက်တွေရှာရင် မြန်မာတွေမလွယ်ဘူးဖြစ်မယ်၊ လုပ်တဲ့ကောင်က ထိုင်းဆိုရင်တော်သေး၊ မြန်မာက လုတာဆိုရင်တော့ မလွယ်တဲ့အကြောင်းတွေ အခုအကုန် စိုးရိမ်ပြီး Facebook ပေါ် ရေးတင်နေကြတယ်"
လက်ရှိမှာတော့ မဲဆောက် အာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဈေးဝယ်စင်တာ CCTV မှတ်တမ်းတွေကို စစ်ဆေးနေပြီး ရွှေဆိုင်လုယက်သွားသူရဲ့ ဆိုင်ကယ်နဲ့ ထွက်ပြေးရာလမ်းကြောင်းကို ရှာဖွေဖမ်းဆီးနိုင်ဖို့ လုပ်နေကြောင်း မဲဆောက်ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။