မုံရွာက ရွှေဆိုင် ဓားပြတိုက်သူတွေကို ဖမ်းဆီးထားကြောင်း PDF ပြော
2024.10.16
စစ်ကိုင်းတိုင်း၊ မုံရွာမြို့က နဝရတ် ရတနာပစ္စည်းဆိုင်ရဲ့နေအိမ် ဓားပြတိုက်သူတွေကို ဖမ်းမိထားတယ်လို့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က အောက်တိုဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဓားပြတိုက်မှုမှာ ပါဝင်သူတွေထဲက အသက် ၂၉ နှစ်အရွယ် ကိုသန်းကျော်အေး (ခ) ဗလ၊ ၂၄ နှစ်အရွယ် ကိုကျော်ထက် (ခ) ဇီးကွက်နဲ့ ၃၇ နှစ်အရွယ် ကိုရန်မျိုးနိုင် (ခ) ရှမ်းလေးတို့ သုံးဦးကို ဖမ်းမိထားတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့က မုံရွာမြို့ မြဝတီရပ်ကွက်က နဝရတ် ရတနာပစ္စည်းဆိုင်ရဲ့ နေအိမ် ဓားပြတိုက်ခံခဲ့ရတာပါ။
အမျိုးသား သုံးဦးနဲ့ အမျိုးသမီး နှစ်ဦးတို့က ဆိုင်ကယ်တွေနဲ့ လာရောက်ပြီး ဖုန်း ငါးလုံး၊ လက်တော့ပ် (Laptop) တစ်လုံးနဲ့ နေအိမ်မှာရှိတဲ့ စိန် ၊ ရွှေ ၊ပလက်တီနမ်အားလုံးကို ယူဆောင်သွားတယ်လို့ အဲဒီ ရတနာဆိုင်ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ဖော်ပြခဲ့ပါတယ်။
မုံရွာမြို့ပေါ်မှာ ရတနာပစ္စည်းဆိုင်တွေ ဓားပြတိုက်တာအပြင် ပြန်ပေးဆွဲမှုတွေလည်း ခပ်စိပ်စိပ် ကြုံနေရတယ်လို့ မုံရွာမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“အိမ်တွေမှာ ဓားပြဝင်တိုက်တာတွေရှိတယ်၊ လူတွေကို ဖမ်းသွားတာတွေလည်း ရှိတယ်။ သိန်းငါးရာ၊ သိန်းတစ်ထောင်နဲ့ ရွေးရတာတို့ အများကြီးပဲ။ ဘယ်သူတွေက လုပ်တယ်ဆိုတာတော့ တိတိကျကျ မသိရဘူး။ လုပ်တဲ့သူတွေ ဖမ်းမိတာတွေတော့ရှိတယ်။ စစ်ကောင်စီဘက်က ဖမ်းမိတာတွေရှိသလို တစ်ခါတလေ ကတော့လည်း PDF ဘက်က ဖမ်းမိတာတွေရှိတယ်။ အကုန်လုံး ပြန်ဖမ်းမိတာမျိုးတော့ မဟုတ်ဘူးလေ”
မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကတော့ မုံရွာမြို့မှာ စက်တင်ဘာလအတွင်းက ဓားပြမှုမှာ ပါဝင်သူတွေကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း RFA ကို အတည်ပြုပြောဆိုပြီး နောက်ဆက်တွဲ အသေးစိတ်ကို ထပ်မံထုတ်ပြန်မယ်လို့ ဆိုပါတယ်။
ရတနာဆိုင် ဓားပြတိုက်မှုမှာ ပါဝင်တဲ့သူတွေကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)၊ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က ဦးဆောင်ပြီး ယင်းမာပင်ခရိုင်က တပ်ရင်းတပ်ဖွဲ့တွေနဲ့ ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တွေက ဖော်ထုတ်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
နောက်ထပ်ကျန်ရှိနေသေးတဲ့ သူတွေကိုလည်း အမြန်ဆုံးဖော်ထုတ် အရေးယူသွားမယ်လို့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
၂၀၂၃ ခုနှစ် ဩဂုတ် ၁၀ ရက်နေ့ကလည်း မုံရွာမြို့၊ ထန်းတောရပ်ကွက်က နေအိမ်တစ်ခု ဓားပြတိုက်ခံရပြီး လက်လုပ်သေနတ်နဲ့ ပစ်ခတ်လိုက်တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး ကျူးလွန်သူတွေကို နေ့တွင်းချင်း ဖမ်းဆီးမိတယ်လို့ မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။