အုန်းဖန်ဗုံး‌ပေါက်ကွဲမှု KNU ရှုတ်ချ

RFA Burmese
2024.12.14
အုန်းဖန်ဗုံး‌ပေါက်ကွဲမှု KNU ရှုတ်ချ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အုန်းဖန်မြို့နယ် ဒွိုင်လွိုင်ပွဲတော်အား၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ညပိုင်းက တွေ့ရစဉ်။
Umphang Rescue/AP

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အုန်းဖန်မြို့နယ်က ပွဲဈေးမှာ ဗုံးပစ်တိုက်ခိုက်လို့ ထိခိုက်သေဆုံးခဲ့သူတွေရဲ့ မိသားစုတွေနဲ့ ထပ်တူ ဝမ်းနည်းကြောင်းနဲ့ လုပ်ဆောင်သူတွေကို ကန့်ကွက်ရှုတ်ချကြောင်း ဒီဇင်ဘာလ ၁၄ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။

အမှုမှန်ပေါ်ပေါက်ရေးအတွက် ထိုင်းအာဏာပိုင်တွေနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့လည်း KNU ပြောရေး ဆိုခွင့်ရှိသူ ပဒိုစောတာနီးက RFA ကို ပြောပါတယ်။

“အဓိကအချက်ကတော့ ပထမဦးဆုံးအနေနဲ့ ဒီလိုဗုံးခွဲတာကြောင့် သေဆုံး ဒဏ်ရာရသွားခဲ့တဲ့သူ အားလုံးနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ထပ်တူဝမ်းနည်းကြောင်းဖော်ပြတယ်။ ဒုတိယအချက်အနေနဲ့ ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်တဲ့ လုပ်ရပ်မျိုးကို လုံးဝလက်မခံဘူး။ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်းဖော်ပြတယ်"

ဒီဇင်ဘာ ၁၃ ရက် ညက အုန်းဖန်မြို့က ဒွိုင်လွိုင်ပွဲတော်ရဲ့ ဖျော်ဖြေရေးစင်အနီး ဗုံးပစ်ခတ်ခံရပြီး သုံးဦး သေဆုံးကာ ၄၈ ဦးဒဏ်ရာရခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဗုံးပစ်တိုက်ခိုက်မှု သံသယရှိသူအဖြစ် ထိုင်းနိုင်ငံသားတစ်ဦးနဲ့အတူ KNU တပ်ဖွဲ့ဝင်တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ပဒိုစောတာနီးကတော့ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

"အဓိကအကျဆုံးဖြစ်တဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့ KNU အဖွဲ့ဝင်တစ်ယောက် ပါဝင်တယ်ဆိုတဲ့အချက်ကိုတော့ ကျွန်တော်တို့အနေနဲ့ လုံးဝငြင်းဆိုတယ်။ လုံးဝမမှန်ကန်ပါဘူးလို့ ပြောချင်ပါတယ်”

ဒီအမှုမှန်ပေါ်ပေါက်ရေးအတွက် အသက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေနဲ့ အနီးကပ်ဆုံး လက်တွဲဆောင်ရွက်သွားမယ်လို့လည်း KNU က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။