ပုသိမ်ကြီးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ခုနစ်ဦး သေဆုံး

RFA Burmese
2024.08.07
ပုသိမ်ကြီးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ခုနစ်ဦး သေဆုံး မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် ဖယောင်းတောင်ရွာ လေကြောင်းမှ တိုက်ခိုက်ခံရအပြီး ၂ဝ၂၄ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့က တွေ့ရစဉ်။
Photo: MDY-PDF

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ဖယောင်းတောင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ခုနစ်ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ဩဂုတ်လ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၆ ရက်နေ့ ည ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားခုနစ်ဦးသေဆုံးသလို ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြားရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ စစ်ရှုံးလာတာနဲ့အမျှ အရပ်သားတွေကို ပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှုတွေကို ဗြောင်ကျကျ ကျူးလွန်နေတယ်လို့လည်း ရေးသားထားပါတယ်။

စစ်ကောင်စီက အရပ်သားတွေကို လေကြောင်းကနေ ပစ်ခတ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဩဂုတ်လ ၄ ရက်နေ့ကလည်း စဥ့်ကူးမြို့နယ်က ရွာနှစ်ရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၃ ဦး သေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းMDY-PDF က သတင်းထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း စစ်ကောင်စီတပ်က နိုင်ငံအနှံ့ကို လေကြောင်းတိုက်ခိုက်အမှု အကြိမ်ရေ ၅၈၀၀ နီးပါးအထိ လုပ်ခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခု ဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအင်စတီကျု (ISP-Myanmar) က ဩဂုတ်လ ၅ ရက်နေ့မှာ ဖော်ပြထားပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မေလကုန်အထိ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် စုစုပေါင်း အရပ်သား နှစ်ထောင်နီးပါး (၁၉၄၂ ဦး) သေဆုံးခဲ့ပြီး ဒဏ်ရာရသူကတော့ လေးထောင်နီးပါး (၃၈၆၆ ဦး) အထိ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။