စွပ်စွဲထားမှုကို တောင်းပန်ဖို့ NLD ကိုယ်စားလှယ်လောင်းတွေကို မဘသအဖွဲ့တောင်းဆို


2016.01.08

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ၂ဦး က ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ၂ဦးကို ကန့်ကွက်ရာမှာ အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေး မဘသအဖွဲ့ကို စွပ်စွဲထားတယ်ဆိုပြီး မဘသအဖွဲ့ကို တောင်းပန်ဖို့ မဘသအဖွဲ့မြို့နယ်အဆင့်က အန်အယ်လ်ဒီပါတီဝင် ၂ဦးထံ စာပေးပို့ထားပါတယ်။

အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ တောင်းပန်မှာ မဟုတ်ကြောင်းနဲ့ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်နဲ့သာ ရင်ဆိုင်သွားမယ်လို့ အန်အယ်လ်ဒီပါတီက ရမည်းသင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းထွန်းဝင်း က ပြောပါတယ်။

"ပို့ထားပါတယ်၊ လာပို့တဲ့လူကို ကျနော် တခါတည်းပြောလိုက်တယ်၊ ပထမ တိုင်းဒေသကြီးကို အရင်ရောက်တာ ကိုး၊ ကျနော့်ဆီ ရောက်တဲ့အခါကျတော့ တခါတည်းပြောလိုက်ပါလို့ ၁၅ ရက် စောင့်မနေပါနဲ့ မနက်ဖြန် တခါ တည်းဖွင့်လိုက်လို့၊ သူတို့က ၁၅ ရက်အတွင်း မတောင်းပန်ရင် တရားစွဲမယ်ပေါ့ဗျာ၊ ကျနော်က လုံးဝတောင်းပန် စရာမလိုဘူး မတောင်းပန်ဘူး ကြိုက်တာလုပ်"

ပြီးခဲ့တဲ့ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက ရမည်းသင်းမြို့နယ်မှာ မဲဆွယ်စည်းရုံးရာ လူမျိုးရေး ဘာသာရေးကိစ္စတွေနဲ့ ပြောဆိုမဲဆွယ်ခဲ့သလို၊ အန်အယ်လ်ဒီပါတီကို မဲပေးရင် မျိုးစောင့်ဥပဒေတွေ ပျက်ပြယ်သွားမှာဖြစ်ကြောင်း စတဲ့ ပြောဆိုမိန့်ကြားမှုတွေနဲ့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီအတွက် မဲဆွယ်ပေးတာတွေ ရှိခဲ့တယ်လို့ ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

အဲဒီအချက်တွေကို ထောက်ပြပြီး ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက အနိုင်ရသွားတဲ့ ရမည်းသင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်တို့ကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ထံ ငွေကျပ် ၅သိန်းတင်သွင်းပြီး အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတွေက ကန့်ကွက်ခဲ့တာဖြစ် ပါတယ်။

ရမည်းသင်းမြို့နယ် မဘသအဖွဲ့က ပေးပို့တဲ့စာနဲ့ပတ်သက်ပြီး အန်အယ်လ်ဒီပါတီဗဟိုထံ တင်ပြထား ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ဆက်လက်တင်ပြသွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ရမည်းသင်းမြို့နယ် မဲဆန္ဒနယ်အားလုံးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အနိုင်ရရှိခဲ့တာဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဒုတိယ မဲအများဆုံးရရှိခဲ့တာ ဖြစ်ပါတယ်။

ရမည်းသင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းထွန်းဝင်းကို RFA သတင်းထောက် မသီရိမင်းဇင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

တဆက်တည်း ရမည်းသင်းမြို့နယ် မဘသအဖွဲ့ အတွင်းရေးမှူး ဆရာတော် ဦးတိက္ခသာရ ကို မခက်မာ ဆက်သွယ်လျှောက်ထား မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။