၀မ်ပေါင်ကုမ္ပဏီလျော်ကြေး လက်ခံရယူသူ နည်းနေသေး


2013.03.16

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သိမ်းဆည်းလိုက်တဲ့ မြေယာတွေအတွက် စီမံကိန်း အကောင်အထည်ဖေါ်နေတဲ့ တရုတ် ဝမ်ပေါင်ကုမ္ပဏီက ဒီနေ့ကစပြီး လယ်ယာမြေလျော်ကြေး စတင်ပေးနေရာမှာ တောင်သူအများစုက သွားမထုတ်ကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ဒေသခံတွေအနေနဲ့ အချက်အလက်တွေကို သေသေချာချာ မသိသေးတဲ့အတွက် အခုလို လယ်မြေဆုံးရှုံးမှု လျော်ကြေးငွေတွေပေးတာကို လက်မခံကြသေးတာလို့ ကျော်ရွာဒေသခံ မသင်းသင်းခိုင်က RFA ကို အခုလိုပြောပါတယ်။

“မနက် ၇နာရီလောက်မှာလေ ဆားလင်းကြီးက မြေစာရင်းရုံးမှာ အလုပ်လုပ်နေတဲ့သူက ကျမတို့ရွာကို လာပြောတာ၊ လူကြီးကိုလွှတ်ပေးပါပေ့ါ၊ အခုလျော်ကြေးပေးတော့မှာမို့ပေါ့၊ ကျမတို့ရွာကတော့ ဘာမှလည်းနားမလည်သေးဘူး၊ သူတို့ရဲ့အသစ်ချုပ်မယ့် စာချုပ်တွေကိုလည်း ဘာမှမသိရသေးဘူး၊ ရမ်းသန်းပြီးတော့ မထုတ်ချင်ဘူး၊ စောင့်ကြည့်ချင်တယ်ပေါ့၊ သုံးနှစ်စာသီးနှံလျော်ကြေးတုန်းကတော့ လက်ခံခဲ့တယ်ရှင့်၊ အခုကတော့ ကျမတို့ကလည်း သွားမထုတ်ဘူး”

လျော်ကြေးပေးနေတဲ့တန်ဖိုးက ကာလပေါက်ဈေး တစ်ဧကကို ကျပ် ၁ဝ သိန်းကနေ ၁၅ သိန်းကြား ပေးနေတယ်လို့ဆိုပေမယ့် လက်ရှိအချိန်ထိ ထုတ်ယူနေတဲ့ လူဦးရေဟာ ဆယ်ဂဏန်းကျော်သာ ရှိနေသေးတယ်လို့လည်း သိရပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့ရတဲ့ လယ်ယာမြေတွေအတွက် ဝမ်ပေါင်ကုမ္ပဏီက ကျပ်ငွေ သိန်းပေါင်း ၄၆၄၀၀ ကျော်ကိုပေးမယ်လို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာကို ဆက်လက်အကောင်အထည်ဖော်ရေး အဖွဲ့ဝင်တစ်ဦးဖြစ်သူ အထွေထွေအုပ်ချုပ်ရေးဌာန ညွှန်ကြားရေးမှုးချုပ် ဦးတင်မြင့်က မနေ့က RFA ကို အတည်ပြု ပြောကြားခဲ့ပါတယ်။

စိုက်ပျိုးမြေဧက ၁၉၀၀ကျော်ကိုလည်း ဒေသခံတွေအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဦးပိုင်နဲ့ ဝမ်ပေါင်ကုမ္ပဏီတို့က ပြန်လည်ဖော်ထုတ်ပေးမယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။