NLDအစိုးရသစ်လက်ထက် လက်ပံတောင်းစီမံကိန်း ပြန်စမယ် လို့ တရုတ်ဝမ်ပေါင်ကုမ္ပဏီပြော
2016.02.18

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရသစ်တက်လာတာနဲ့ မုံရွာလက်ပံတောင်းတောင် ကြေးနီ စီမံကိန်းလုပ်ငန်းတွေကို မေလအတွင်း စတင်မယ်လို့ တရုတ်ဝမ်ပေါင်ကုမ္ပဏီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ဒေသခံတွေနဲ့ ပြဿနာတချို့ရှိနေဆဲဖြစ်ပေမယ့် NLD အစိုးရသစ်လက်ထက်မှာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဖြစ် ထွန်းလာလိမ့်မယ်လို့ မျှော်လင့်ထားပြီး၊ ကြေးနီထုတ်လုပ်မှုလုပ်ငန်းတွေကို အစိုးရသစ်တက်လာပြီး သီတင်းပတ် အနည်းငယ်အကြာ မေလထဲမှာ စတင်နိုင်မယ်လို့ ဝမ်ပေါင်ကုမ္ပဏီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ဒေါင်ယွန်ဖီး က ပြောပါတယ်။
"ပြီးခဲ့တဲ့ ၂ဝ၁၃ က စီမံကိန်းတစ်ခုလုံး ပြန်ပြီးတော့ စိစစ်ပြီးတော့ အခက်အခဲ ပြဿနာတွေ ဝင်ပြီးတော့ စုံစမ်းစစ်ဆေးလိုက်တယ်လေ၊ စုံစမ်းစစ်ဆေးရေးကော်မတီရဲ့ ဒေါ်အောင်ဆန်းစုကြည် အကြံပြုချက်ပေါ့နော်၊ သူတို့ကလည်း အဲ့ဒီအထဲမှာမှာ အစီရင်ခံစာထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားရယ် သူ့ရဲ့အကြံပြုချက်ရယ် အစီရင်ခံစာထဲမှာ အကုန်လုံးပါထားပြီးသား၊ ကျနော်တို့လည်း အခုဟာ ဒေါ်အောင်ဆန်းစုကြည် အကြံပြုချက်အတိုင်းပဲ အကောင်အထည်ဖော်နေပါတယ်"
ဝမ်ပေါင် ကုမ္ပဏီအနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ ၃ နှစ်အချိန်ရပေမယ့် ဒေသ ခံတွေနဲ့ ဖြစ်ပွားတဲ့ ပြဿနာတချို့ကြောင့်လုပ်ငန်းတွေ နှောင့်နှေးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် လုပ်ငန်း အကောင်အထည်ဖော်ဖို့ နောက်ထပ် ၃နှစ် တိုးချဲ့ခွင့်တောင်းခဲ့ရာမှာ ရရှိတာကြောင့် လုပ်ငန်းတွေကို လာမယ့် မေလ ၅ ရက်နေ့မတိုင်ခင်အပြီးအပြတ် ဆောင်ရွက်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဆောက်လုပ်ငန်းရေး လုပ်ငန်းတွေပြီးစီးသွားတာနဲ့ ထုတ်လုပ်မူလုပ်ငန်းတွေကို စတင်ဆောင်ရွက်မှာဖြစ်တယ်လို့ မစ္စတာ ဒေါင်ယွန်ဖီး က ပြောပါတယ်။
စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်းအကောင်အထည်ဖော်နေတဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ လွန်ခဲ့တဲ့နှစ်တွေအတွင်း ဒေသခံဆန္ဒပြတောင်သူတွေနဲ့ အာဏာပိုင်တွေ အကြား မကြာခဏဆိုသလို ပဋိပက္ခတွေ ထိပ်တိုက်ဖြစ်ပွားခဲ့သလို စုံစမ်းစစ်ဆေးရေးအဖွဲ့က အကြံပြုထားတဲ့ အချက်တွေအတိုင်း ကုမ္ပဏီက ဆောင်ရွက်ပေးခြင်း မရှိဘူးဆိုပြီး ဒေသခံတွေ ပြောဆိုကန့်ကွက်နေကြတာ လည်း ဖြစ်ပါတယ်။