လက်ပံတောင်းတောင် ပဋိပက္ခ အမျိုးသမီး တစ်ဦး သေဆုံး


2014.12.22

တရုတ်ဝမ်ပေါင် ကုမ္ပဏီနဲ့ အစိုးရစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတို့ကြေးနီထုတ်လုပ်နေတဲ့ လက်ပံတောင်းတောင်ဒေသမှာ ကုမ္ပဏီတွေ ခြံစည်း ရိုးခတ်နေတာကို တားမြစ်ခဲ့ကြတဲ့ မြေသိမ်းခံတောင် သူတွေကို ရဲတပ်ဖွဲ့က ပစ်ခတ်လူစုခွဲခဲ့တဲ့အတွက် အမျိုးသမီးတစ်ဦး သေဆုံးပြီး အနည်းဆုံး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြပါတယ်။

အသိမ်းခံထားရတဲ့မြေတွေကို ကုမ္ပဏီက ခြံစည်းရိုး ခတ်နေတဲ့အတွက် မြေယာလျော်ကြေး မယူခဲ့ကြတဲ့ ရွာ ၃ ရွာက တောင်သူတွေက တားမြစ်ခဲ့ကြပါတယ်။

မိုးကြိုးပြင်အလယ်ရွာ တောင်သူတွေက လိပ်ခွံတောင် အနီးမှာ တားဆီးခဲ့ကြရာမှာ ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့တဲ့ အတွက် ဒေါ်ခင်ဝင်း အမည်ရှိ တောင်သူအမျိုးသမီးကြီး တစ်ဦး ဦးခေါင်းကိုထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားတယ် လို့ မိုးကြိုးပြင်အလယ်ရွာက လယ်သမား ဦးဇော်မြင့်သန်းက ပြောပါတယ်။

"ရဲဘက်ကနေပြီးတော့ သေနတ်နဲ့ပစ်တာ မိုးကြိုးပြင်အလယ်ရွာ ဒေါ်ခင်ဝင်း ခေါင်းမှန်ပြီးတော့ ဆုံးသွားပြီ၊ ဒဏ်ရာရတဲ့လူ ၁ဝ ယောက်လောက်ရှိတယ်၊ မနက်က ၈ နာရီလောက် ကုမ္ပဏီဘက် ခြံစည်းရိုးဝင်ခတ်တာ ဒီဘက်က ရွာသားတွေကတားတာ တရုတ်တွေကစပြီးတော့ ခဲတွေနဲ့ထုတာ ရဲတွေက ၆ဝဝ လောက်ရှိတယ်"

သေဆုံးသူ ဒေါ်ခင်ဝင်းဟာ အသက် ၅၆ နှစ်ဝန်းကျင်ရှိပြီး၊ သမီးနှစ်ယောက်က ကျန်ရစ်တယ်လို့သိရပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြမှုတွေထဲမှာ အခုဖြစ်ရပ်ဟာ ပထမဆုံး လူသေဆုံးရတဲ့ကိစ္စဖြစ်ပါတယ်။

အလားတူ ဆည်တဲရွာဘက်မှာလည်း သိမ်းယူထားတဲ့မြေတွေကို ခြံစည်းရိုးခတ်နေလို့ တောင်သူတွေ သွားရောက်တားမြစ်ရာမှာ တရုတ်ဝန်ထမ်းတွေက ရိုက်နှက်တဲ့အတွက် ဒဏ်ရာရသူတချို့ရှိတယ်လို့ ဒေသခံ မသွဲ့သွဲ့ဝင်းက RFA ကိုပြောပါတယ်။

"ကျမတို့ စစ်ကိုင်းတိုင်း ရဲမင်းကြီးကိုလည်း ဖုန်းဆက်ခေါ်တယ်၊ ကျမတို့ ဖုန်းပြောနေတဲ့အချိန်မှာ ခဲတွေနဲ့ထုတယ်၊ လေးခွနဲ့ပစ်တယ်၊ ကျမကိုရှေ့တိုးလာရင် တပ်ရင်း ၁၆ က တပ်ရင်းမှူးက ကျမကိုအမိန့်ပေးတာ ဒီကောင်မကိုပစ်တဲ့၊ ပိုပြီးတော့ဆိုးတာက တရုတ်တွေက အကုန်လုံးကိုတူတွေနဲ့ လိုက်ထုတာ အခုခါးတွေရော၊ အကုန်မှန်တဲ့သူကမှန်လို့ မထနိုင်ကြဘူး၊ သူတို့သံဆူးကြိုးခတ်ဖို့ရာ သံလုံးတွေကိုရိုက်ဖို့ တူတွေပါလာတာ၊ အဲ့ဒါတွေနဲ့ ဒေသခံလူထုတွေကိုရိုက်တာ၊ သူတို့ကစရိုက်တာ"

ဒီဖြစ်ရပ်မှာ ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံလယ်သမားတွေကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း က ဒေသခံတွေကို ဆေးအဖွဲ့စေလွှတ်ပြီး သွားရောက်ကူညီမယ်လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။

၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်က လက်ပံတောင်းတောင်ဒေသဖက်ကို ဒီညသွားရောက်မှာဖြစ်ကြောင်း ပြောပါတယ်။

"ဆေးအဖွဲ့ပေါ့ဗျာ၊ အဲ့ဒါကိုဖွဲ့ပြီးတော့ အဲဒီ့မှာနီးစပ်တဲ့ ဆရာဝန်တွေ ဆေးဝန်ထမ်းတွေနဲ့ အတူတွဲပြီးတော့ ကျနော်တို့ဆီကနေ အင်အားတစ်ဖွဲ့ကိုသွားမှာပါ၊ အဲ့မှာလောလောဆယ် ဒဏ်ရာရရှိတဲ့သူတွေကို ကုသပေးဖို့ရယ်၊ နောက်တစ်ချက်က ဖြစ်စဉ်ရဲ့ အသေးစိတ်အဓိပ္ပာယ်တွေကို အမှန်အတိုင်းသိရဖို့ပေါ့၊ အဲ့နှစ်ချက်ကို အခြေခံပြီးတော့ ကျနော်တို့လွှတ်မှာပါ"

အစိုးရရဲ့ သဘောတူခွင့်ပြုချက်နဲ့ ကြေးနီတူးဖော်ရေး စီမံကိန်းဧရိယာကို တိုးချဲ့လုပ်ကိုင်နေတာဖြစ်ကြောင်း ဝမ်ပေါင်ကုမ္ပဏီက ဒီနေ့မှာပဲ ကြေညာချက်ထုတ်ခဲ့ပါတယ်။

ဒီလ ၁၃ရက်နေ့ကလည်း ကုမ္ပဏီနဲ့ ဒေသခံတွေကြား ပဋိပက္ခဖြစ်ပွားခဲ့ရာ လယ်သမား ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။