လက်ပံတောင်း ကြေးနီစီမံကိန်းမှာ ယမ်းဖောက်ခွဲဖို့ ကျေးရွာတွေကို အသိပေး
2015.01.03

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီး မြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဇန်နဝါရီလအတွင်းမှာ ပြန်လည်လုပ်ကိုင်မှာဖြစ်တဲ့ အတွက် ယမ်းဖောက်ခွဲဖို့ဆိုပြီး သတ်မှတ်ချိန်အတွင်းမှာ ရွာသားတွေကို အပြင်မထွက်ကြဖို့ ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းက မနေ့က ရွာသားတွေ ကို အကြောင်းကြားစာပေးပို့ခဲ့တယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။
ယမ်းဖောက်ခွဲမှုမပြုခင် သံရှည်ဥသြဆွဲပြီး သတိပေးမယ်လို့ အဲဒီ့အကြောင်းကြားစာထဲမှာ ပါတယ်လို့ ဆည်တဲရွာသူ မနွယ်နွယ်ဝင်း က ပြောပါတယ်။
"မိုင်းခွဲမယ်ဆိုလို့ရှိရင်လည်း နေ့လယ် ၁၂ နာရီကနေပြီးတော့ ၁၂ ခွဲပေ့ါ၊ ညနေကျရင်လည်း ၃ နာရီကနေ ၃ နာရီခွဲ ယမ်းခွဲချိန်သူတို့ သတ်မှတ်ထားတယ်၊ အဲ့အချိန်ကျလို့ရှိရင် ဘယ်နေရာကိုမှ ဖြတ်သန်းမသွားဖို့ပေါ့၊ အဲ့လိုမျိုး သူတို့စာရွက်တွေ ပို့ပေးထားတယ်၊ သူတို့စာရွက်ထဲမှာပါတာကတော့ ယမ်းခွဲမယ်ဆိုရင် မခွဲခင် ၁၅ မိနစ်ကြိုတင်ပြီး သံရှည်ဥသြနှစ်ကြိမ်ဆွဲမယ်ဆိုတာ ပါတယ်ပေ့ါနော်"
အရင်ကတော့ စီမံကိန်းလုပ်ဆောင်နေချိန် ယမ်းမခွဲခင် ၁၅ မိနစ်ကြိုတင်ပြီး ဥသြသံရှည် ၂ ကြိမ်နဲ့ ယမ်းဖောက်ခွဲခါနီး ဥသြသံရှည် ၂ ကြိမ်ဆွဲပြီး သတိပေးမယ်ဆိုပြီး ထုတ်ပြန်ချက်တွေမှာပါရှိပေမဲ့ လက်တွေ့မှာတော့ အဲ့ဒီလိုဆောင်ရွက် တာမရှိခဲ့ဘူးလို့ ရွာသားတွေက ပြောပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအနားကျေးရွာတွေဖြစ်တဲ့ မိုးကြိုးပြင်၊ ဆည်တည်း၊ တုံ၊ ဖောင်းတကာ၊ တောင်ပလူ၊ ညောင်ပင်ကြီး၊ ရွာရှည်စတဲ့ ကျေးရွာတွေကို အခုလို သတိပေးစာ ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။