အသိမ်းခံ လယ်မြေများ အတွက် လျော်ကြေးကိစ္စ ကုမ္ပဏီ ဆွေးနွေး
2015.05.30

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်က စံပယ်တောင်၊ ကြေးစင်တောင်စီမံကိန်းကြောင့် သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးငွေ ပေး၊ မပေး ဆိုတာကို မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်က လာမယ့် ဇူလိုင်လအတွင်းမှာ ထုတ်ပြန်ကြေညာသွားမယ်လို့ ကုမ္ပဏီက ပြောပါတယ်။
ဒီနေ့ မြန်မာယန်စီကုမ္ပဏီမှာ ဒေသခံလယ်သမားတွေနဲ့ ဆွေးနွေးစဉ် ပြောခဲ့တာလို့ ကံကုန်းရွာသား ကိုတင့်အောင်စိုးက ပြောပါတယ်။
"ဦးပိုင်က ကျနော်တို့ကို မပေးနိုင်တဲ့အကြောင်း ပေးရန်ကြွေးကျန် ဘာညာမရှိဘူးပြောပြီးတော့ ဒါတွေဆွေးနွေးဝိုင်းက ပြောခဲ့တဲ့စကားတွေကို ကျနော်တို့ ပြန်ပြောပြတယ်၊ နောက်ပိုင်း သူတို့နဲ့ ကျနော်တို့နဲ့ ပြန်လည်ဆွေးနွေးတော့ကျတော့ ဦးပိုင်နဲ့ ဒီတရုတ်ခေါင်းဆောင်တွေနဲ့ ထိပ်သီးအစည်းအဝေးပေါ့၊ ဒီ BMC ဆိုတဲ့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့မှ ကျနော်တို့ ဒီဟာကို လျော်ပေးမယ် မပေးဘူးဆိုတာကို ဆုံးဖြတ်မယ်ဆိုပြီးတော့ BMC အစည်းအဝေးက ၆ လပိုင်းမှာ သူတို့လုပ်ဖြစ်မယ်၊ ဒါကို ၇ လပိုင်းဝန်းကျင်မှာ ကျနော်တို့ကို အကြောင်းပြန်မယ်ပေါ့၊ ကျနော်တို့ သူတို့နဲ့သဘောတူညီမှုရခဲ့တာ"
ဒီနေ့ အစိုးရဘက်ကတာဝန်ရှိသူတွေ၊ ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ ဒေသခံမြေပိုင်ရှင်ရွာသားတွေ တွေ့ဆုံရာ မှာ ဒေသခံတွေက မြေယာလျော်ကြေးငွေပေးဖို့ ကိစ္စကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
အသိမ်းခံထားရတဲ့ လယ်ယာမြေ တစ်ဧကကို ဘယ်လောက်ပေးရမယ်ဆိုတာကို ဒေသခံတွေဘက်က မတောင်းဆိုပဲ ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး အစီရင်ခံစာမှာဖော်ပြထားတဲ့အတိုင်း လျော်ကြေးပေး ဖို့ကိုသာ တောင်းဆိုကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၅ ရက်နေ့က ဒေသခံရွာသားတွေက ကုမ္ပဏီဘက်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခွင့်ရရှိဖို့ တောင်းဆိုတာ ကို ငြင်းပယ်ခဲ့တာကြောင့် မြန်မာယန်စီကုမ္ပဏီရှေ့မှာ ထိုင်သပိတ် ဆန္ဒပြခဲ့ပါတယ်။
ဦးပိုင်ကုမ္ပဏီ ဥပဒေအကြံပေး အရာရှိ ဦးအောင်မြင့်က တရားလိုလုပ်ကာ ဒေသခံရွာသား ၃ ဦးကို ခြိမ်းခြောက်မှု၊ တားဆီးကန့်ကွက်မှု၊ ပိုင်နက်ကျူးကျော်မှုတွေနဲ့ အမှုဖွင့်ထားပါတယ်။