လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ၃ လပြည့်အဖြစ် အစာငတ်ခံ ဆန္ဒပြ


2013.02.28

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ဆန္ဒပြခဲ့ကြတဲ့ သပိတ်စခန်းတွေ အကြမ်းဖက်ဖြိုခွဲခံရမှု ၃ လပြည့် အထိမ်းအမှတ်အဖြစ် ကျေးရွာ ၂၆ ရွာကို ကိုယ်စားပြုတဲ့ ဒေသခံ ၂၆ ဦးဟာ ဒီကနေ့ တုန်ရွာသပိတ်စခန်းမှာ အစာငတ်ခံ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲပြုလုပ်ရတာနဲ့ ပတ်သက်ပြီး ဒီအရေးမှာပါဝင်လှုပ်ရှားနေတဲ့ မြန်မာနိုင်ငံ ဝိဇ္ဇာ-သိပ္ပံ တက္ကသိုလ် ကျောင်းသားများကွန်ရက် တာဝန်ခံ ကိုသောင်းထိုက်က RFA ကို အခုလို ပြောပါတယ်။

"၃ လသာပြည့်သွားပေမယ့် စုံစမ်းစစ်ဆေးမှုမလုပ်သေးဘူး၊ ဒီဟာကို လွှတ်တော်ကနေ လစ်လျူရှုထားတယ်ဆိုတာကို ကန့်ကွက်တဲ့ အနေနဲ့ နေ့လည် ၁၂ နာရီကနေ ည ၁၂ နာရီအထိ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး တောင်းဆိုနေတဲ့ တုန်ရွာထိပ်မှာရှိတဲ့ သပိတ်စခန်းမှာ ၂၆ ရွာကိုယ်စားပြုတဲ့ တောင်သူ ၂၆ ဦးက အစာငတ်ခံ ဆန္ဒပြနေတာပါ"

ဒေသခံတွေဟာ ဒီကနေ့မှာ ၁ ရက်ကြာ အစာငတ်ခံ ဆန္ဒပြခဲ့ကြတဲ့အပြင် မနက်ပိုင်းမှာလည်း သပိတ်စခန်း ဖြိုခွဲခံရမှုမှာ ကွယ်လွန်ခဲ့တဲ့သူတွေအတွက် ရည်စူးကာ သံဃာတော်တွေကို ဆွမ်းကပ်ပြီး ပရိတ်တရား နာခဲ့ကြပါတယ်။

ဒါ့အပြင် မနက်ဖြန် မတ်လ ၁ ရက်နေ့မှာလည်း  မီးလောင်ဗုံးသုံးတဲ့ တရားခံတွေကို မကောင်းဆိုးဝါးလို့ သတ်မှတ်တဲ့အနေနဲ့ သံပုံးတွေထုပြီး မကောင်းဆိုးဝါး နှင်ထုတ်တဲ့ဆန္ဒပြပွဲ ထပ်မံပြုလုပ်ဖို့ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။