လက်နက်ကြီးကြောင့် လွိုင်ကော်မြို့ ဆောင်ကန်း (ရှမ်း) ရွာသားတစ်ဦး သေဆုံး

2022.09.22
လက်နက်ကြီးကြောင့် လွိုင်ကော်မြို့ ဆောင်ကန်း (ရှမ်း) ရွာသားတစ်ဦး သေဆုံး စစ်ကောင်စီလက်နက်ကြီးကြောင့် ပျက်စီးသွားသည့် မိုးဗြဲ မွေတော်ဘုရားကျောင်းအား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။
Photo: KnHRG

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ဆောင်ကန်း (ရှမ်း) ရွာနားကို စက်တင်ဘာလ ၂၁ ရက် မနေ့ နေ့လယ် တစ်နာရီဝန်းကျင်က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့က ဒီနေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်အခြမ်း ထီးဖိုးကလိုးအုပ်စုအတွင်းကိုလည်း မနေ့ နေ့လယ် ၂ နာရီနဲ့ ည ၁၀ နာရီ အချိန်တွေမှာ လက်နက်ကြီးကျည် ကျရောက်ခဲ့လို့ နေအိမ်တစ်လုံး ပျက်စီးသွားခဲ့တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လွိုင်ကော်နဲ့ လေးမိုင်လောက်ဝေးတဲ့ ဆောင်ကန်း (ရှမ်း) ရွာဘက်ကို စစ်ကောင်စီရဲ့ လွိုင်ကော် အခြေစိုက် အမြောက်တပ်က ၁၂၀ (မမ) လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး ရွာအနီးကို ကျရောက်ခဲ့တာလို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြောခွင့်ရသူတစ်ဦးက RFA ကို ပြောပါတယ်။

“ဆုံးသွားတဲ့သူက အသက် ၆၀ လောက်ရှိတဲ့ အဘိုးအရွယ်ပေါ့။ လက်နက်ကြီးလေးလုံး လောက်အထိ ရွာနားကျတယ်လို့ ကျနော်တို့ ကနဦးသိထားတယ်။ အဲဒါက လွိုင်ကော်နဲ့ ရှမ်းပြည်နယ်စပ်နေရာ ဖြစ်နေတော့ ကျနော်တို့နဲ့တော့ နည်းနည်းအလှမ်းဝေးတယ်”

အခုလ ၉ ရက်နေ့ကလည်း မိုးဗြဲမြို့အတွင်းက စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲကြောင့် ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ပါတယ်။

အခုလ ၁၈ ရက်နေ့မှာလည်း မိုးဗြဲမြို့ မွေတော်ဘုရားကျောင်းထဲက ဒုက္ခသည် သုံးရာ လောက်ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်း၀င်းထဲ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျည် ကျခဲ့တာကြောင့် ကလေးငယ်နှစ်ဦး အပါအဝင် လေးဦး သေဆုံးခဲ့ပြီး ကိုးဦး ဒဏ်ရာရ ခဲ့ပါတယ်။

ဒါ့ကြောင့် စက်တင်ဘာလ ၉ ရက်နေ့က ၂၁ ရက်အထိ ကယားပြည်နယ်နဲ့ ရှမ်းပြည် တောင်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ကလေးငယ် သုံးဦးအပါအဝင် ခြောက်ဦး သေဆုံးခဲ့ရပြီး ၁၅ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီလို့ ကရင်နီအရပ်ဘက် အဖွဲ့အစည်း တာဝန်ရှိသူတွေက ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့မှာတော့ စက်တင်ဘာလ ၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့ အတွင်း မြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ မိုးဗြဲ PDF၊ ဖယ်ခုံ PDF B-01၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ DMO 1107 တပ်ရင်း၊ နေပြည်တော် PDF၊ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ ကရင်နီတပ်မတော် (KA)၊ KGZ၊ URF တို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။

အဲဒီတိုက်ပွဲတွေအတွက်း စစ်ကောင်စီတပ်ဘက်က တာဝေးပစ်လက်နက်ကြီးတွေ၊ တင့်ကားတွေနဲ့ စစ်ကြောင်းသုံးကြောင်းခွဲပြီး ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

အခုလ ၁၉ ရက်နေ့က မိုးဗြဲ မွေတော်ဘုရားနဲ့ စက်တော်ရာဘုရား၀င်းတွေထဲမှာ စစ်ကောင်စီတပ်ရဲ့ ပိတ်ဆို့တာခံထားရတဲ့ အရပ်သား တစ်ရာကျော်ထဲက တချို့ ပြန်လွတ်လာတယ်လို့လည်း မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲထပ်မံ ပြင်းထန်လာနိုင်လို့ အရပ်သားတွေ ဘေးလွတ်ရာမှာ နေထိုင်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

တိုက်ပွဲတွေနဲ့ ပတ်သက်ပြီးစစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရသူကို RFA က ဒီနေ့ နေ့လယ်ပိုင်းမှာ ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။