လေယာဉ်ပစ်ခတ်ခံရမှု သက်သေမရှိဘဲ စစ်ကောင်စီက အမည်ဖျက်တယ်လို့ KNPP ထုတ်ပြန်

လေယာဉ်ပစ်ခတ်ခံရမှုနဲ့ ပတ်သက်ပြီး သက်သေမရှိဘဲ စစ်ကောင်စီက အမည်ဖျက်ဖို့ ရည်ရွယ်လုပ်ကြံတာဖြစ်တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) က အောက်တိုဘာလ ၁ ရက် မနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။
မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)က ခရီးသည်တင်လေယာဉ်တစ်စင်း စက်တင်ဘာလ ၃၀ ရက် မနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်လေဆိပ်ကို ဆင်းသက်ချိန်မှာ သေနတ်နဲ့ပစ်ခတ်ခံရလို့ လေယာဉ်ပေါ်က အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
လေယာဉ်ဆင်းချိန်မှာ KNPP နဲ့ PDF တွေက အမြင့်ပေ ၃၅၀၀ နီးပါး၊ လေယာဉ်ပြေးလမ်း မြောက်ဘက် လေးမိုင်ဝန်း ကျင်အကွာကနေ ပစ်ခတ်ခဲ့တာလို့ စက်တင်ဘာလ ၃၀ ရက်မှာပဲ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အမြင့်ပေ ၃၅၀၀ နီးပါး၊ လေယာဉ်ပြေးလမ်းမြောက်ဘက် လေးမိုင်ဝန်းကျင်အကွာကနေ လက်နက်ငယ်နဲ့ပစ်ခတ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ KNPP က ဆိုပါတယ်။ ဒဏ်ရာရတဲ့ ခရီးသည်ဟာ စစ်ကောင်စီတပ်က တပ်ကြပ်ကြီးစာရေးဖြစ်နေတဲ့အပြင် ပစ်ခတ်ခံရတဲ့ လေယာဉ်ရဲ့ သတ္တုစကအပြင်ထွက်နေသလို ကျည်ပေါက်ဝက ကျယ်နေတာကြောင့် အပြင်ဘက်က ပစ်တာ မဟုတ်ဘဲ အတွင်းကနေ ပစ်ခဲ့တာလို့ KNPPက သုံးသပ်ပါတယ်။
KNPP အနေနဲ့ အာဏာရှင်စနစ် ပပျောက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး အကြမ်းဖက် လုပ်ရပ်တွေအတွက် မူဝါဒမရှိသလို လမ်းညွှန်ချက်လည်းမရှိဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ KNPP နဲ့ အခုလို ငြင်းဆန်နေလို့မရဘူးလို့ ပြောပြီး ဒီကိစ္စအတွက် ပြင်းပြင်းထန်ထန်တုံ့ပြန်မယ်လို့ မနေ့က သတင်းမီဒီယာတွေကို ဖြေဆိုခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက် ကယားပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ KNPP၊ PDF ပူးပေါင်းတပ်တွေ အကြား နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်ပွားနေပါတယ်။