စာစောင် ဖြန့်ဝေတဲ့ NLD အဖွဲ့ဝင်တွေ နှောင့်ယှက်ခံရ
2010.10.31
ဒဂုံမြို့သစ်တောင်ပိုင်း (၂၀) ရပ်ကွက်နဲ့ (၅၅) ရပ်ကွက်က မြို့နယ်စည်း အဖွဲ့ဝင် ၂ ဦး နေအိမ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေက ဒီကနေ့ မနက်ပိုင်းမှာ သက်ကြီးပူဇော်ပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ သက်ကြီးပူဇော်ပွဲ သွားရာလမ်းတလျောက်မှာ မဲမပေးဘဲလည်း နေပိုင်ခွင့်ရှိတယ် ဆိုတဲ့ စာသားနဲ့အတူ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သခင်ကိုယ်တော်မှိုင်း ပုံတွေပါတဲ့ တီရှပ်အင်္ကျီ ဝတ်ဆင်ထားတဲ့ NLD အဖွဲ့ဝင်၂ ရာကျော်က ဒေါ်အောင်ဆန်းစုကြည် ပုံနဲ့အတူ ရွေးကောက်ပွဲဥဒေနဲ့ မဲပေးသူတွေရဲ့ အခွင့်အရေးတွေကို ရှင်းပြထားတဲ့ စာသားပါ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။
မြို့နယ်စည်း အဖွဲ့ဝင် ဒေါ်ဥမ္မာနေအိမ်မှာ ပြုလုပ်တဲ့ သက်ကြီးပူဇော်ပွဲကနေ ဒေါ်ခင်ခင်အေးနေအိမ်မှာ ပြုလုပ်တဲ့ ပွဲကိုအသွား အာဏာပိုင်တွေက နှောင့်ယှက်ဟန့်တားခဲ့ကြော်း ဒီ လှုပ်ရှားမှုမှာ ပါဝင်တဲ့ ကိုအေးသွင်က အခုလိုပြောပါတယ်။
“ကျနော်တို့ ကန်တော့ပြီးလို့ ပြန်အထွက်မှာ ရဲတွေ၊ ကြံ့ခိုင်ရေးတွေ၊ နောက် စွမ်းအားရှင်တွေ၊ ရယကတွေ၊ ထလရ- နိုင် မျိုးစုံပေါ့ဗျာ၊ (၂၀) ရပ်ကွက်ရဲ့ လမ်းထိပ် ရယကရုံးရှေ့မှာလည်း ထောက်လှမ်းရေး ၂၀ ကျော် ကျနော်တို့ နောက်ကို တောက်လျှောက် လိုက်လာတာ။ ကျနော်တို့ အကုန်လုံး တီရှပ်တွေနဲ့ပေါ့။ ၂ ရာကျော်တယ်ခင်ဗျ လာတာ။ အဲဒါကို တန်းစီပြီးတော့ (၃) ယောက်တတွဲ မသွားရဘူး။ နောက်ကနေ ရဲကနေပြီးတော့ လမ်းထိပ်က ဖြတ်တားလိုက်၊ လမ်းဆုံမှာ ဖြတ်တား လိုက်နဲ့ အမျိုးမျိုး အနှောင့်အယှက် ပေးပြီးတော့ ကျနော်တို့ ဒေါ်ခင်ခင်အေးအိမ်ကိုရောက်လာတာ ခင်ဗျ။ အခု ရောက်ပြန်တော့လည်း အဲဒီ လမ်းထိပ် လမ်းဝတွေမှာ အကုန်လုံး သူတို့ စောင့်နေတယ်ခင်ဗျ”
ပြည်သူတွေအနေနဲ့ မဲမပေးဘဲလည်း နေပိုင်ခွင့်ရှိတယ်ဆိုတဲ့ အခွင့်အရေးနဲ့ ရွေးကောက်ပွဲဥပဒေတွေကို သိရှိအောင် အခုလို လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တာလို့ ကိုအေးသွင်ကပဲ ဆက်ပြောပါတယ်။
“မတရား သူတို့ကနေပြီး ကြိုတင်မဲ ယူတာမျိုးတွေ၊ ကြံ့ခိုင်ရေးကိုမှ မဲမထည့်ရင် အဖမ်းခံရတော့မယ့် ပုံစံမျိုးတွေ၊ အရေးယူခံရမယ့် ပုံစံမျိုးတွေနဲ့ ပြည်သူလူထုကို ခြောက်လှန့်နေတာကို အကြောက်တရားတွေ ပျောက်ကွယ်သွားအောင် ဒီဥပဒေတွေ သိအောင် ကျနော်တို့ ဖြန့်ဝေပေးတာ ဖြစ်တယ်”
အလားတူ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေကို မြောက်ဥက္ကလာပ မြို့နယ်အတွင်းမှာလည်း ဒီကနေ့ နေ့လယ်ပိုင်းမှာ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။