စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး သေဆုံး

RFA Burmese
2023.02.21
စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး သေဆုံး စစ်ကောင်စီ လက်နက်ကြီးကြောင့် ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ ကျွန်းတောကျေးရွာရှိ ပျက်စီးသွားသည့် နေအိမ်တစ်လုံးကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တွေ့ရစဉ်။
𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ ကျွန်းတောကျေးရွာထဲကို စစ်ကောင်စီတပ် ခမရ ၅၉၉ က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဖေဖော်ဝါရီ ၂၀ ရက်နေ့ မနေ့က သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ခလယ်လွီထူခရိုင် တပ်မဟာ ၃ မူးမြို့နယ် တုံးတော ကျေးရွာမှာ အခြေချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ခမရ ၅၉၉ က ပစ်ခတ်တဲ့ ကျည်ကြောင့် ဖြစ်တယ်လို့ KNU က ပြောဆိုထားပါတယ်။

အဲဒီ လက်နက်ကြီးကျည်ဟာ သေဆုံးသူ မမြင့်မြင့်ဆန်းတို့ နေအိမ်ပေါ်ကို ကျရောက် ပေါက်ကွဲခဲ့ပြီး ထမင်းစားနေတဲ့ မမြင့်မြင့်ဆန်း အပါအဝင် သမီးဖြစ်သူ အသက် ၁၂ နှစ်အရွယ် မနှင်းမြတ်မွန်နဲ့ သားဖြစ်သူ အသက် ၅ နှစ်အရွယ် မောင်ရန်လင်းထက်တို့ကို ထိမှန်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။

မမြင့်မြင့်ဆန်းကတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး သမီးဖြစ်သူကတော့ ညာဘက်ခြေထောက်မှာ ဒဏ်ရာရရှိခဲ့သလို သားဖြစ်သူကတော့ ဘယ်ဘက်ခြေထောက် ဖြတ်ရပြီး ညာဘက်ခြေထောက်မှာလည်း ပြင်းထန် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကလည်း နိုတောတာ ကျေးရွာဒေသခံ ညီအစ်ကို နှစ်ဦးဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ် စောပီးလီးနဲ့ အသက် ၂၈ နှစ်အရွယ် စောပီးပီတို့ကို စစ်ကောင်စီတပ် ခလရ-၆၀ က ဖမ်း‌ဆီးသွားပြီး သတင်း အစအန မရသေးဘူးလို့ KNU က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောခွင့်ရသူ ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပေမယ့် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာတော့ စစ်ကောင်စီအနေနဲ့ ပြည်သူတွေကို ပစ်မှတ်ထားတာ မရှိဘူးလို့ RFA ကို ပြောထားပါတယ်။

စစ်တပ်အာဏာသိမ်း ၂ နှစ်အတွင်း ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ် နယ်မြေတွေမှာ တိုက်ပွဲပေါင်း ရှစ်ထောင်ကျော်ဖြစ်ပွားခဲ့ပြီး စစ်ဘေးဒုက္ခသည် လေးသိန်းနီးပါးရှိလာပြီလို့ KNU ရဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။