စာတိုက် သုံးစွဲတဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှု

ရန်ကုန်တိုင်းအတွင်းမှာ "ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားသူများ" လို့ ခေါ်တဲ့ ကျောင်းသားလူငယ် အဖွဲတဖွဲ့ က လွန်ခဲ့တဲ့ တပတ်ကျော်လောက်က စပြီး ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါတယ်။

2010.09.18

လှုပ်ရှားမှုပုံစံကတော့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေကို အစိုးရဝန်ထမ်းတွေ၊ ပြည်သူတွေဆီကို စာအိတ်ပေါင်း တထောင် စာတိုက်ကတဆင့် ပေးပို့ခဲ့တာလို့ သိရပါတယ်။ အဲဒီ စာတိုက်သုံး လှုပ်ရှားမှုပုံစံနဲ့ ပေးပို့တဲ့ လက်ကမ်းစာစောင်တွေနဲ့ ပတ်သက်ပြီး လူငယ်အဖွဲ့ဝင် ကိုရန်နိုင်က ရှင်းပြပါတယ်။

အဓိက ပါတဲ့ အကြောင်းအရာတွေကတော့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ ပါတယ်။ ပြီးတော့ ‘ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ကို မဲသွားထည့်မယ်ဆိုရင် စစ်အစိုးရ ဆက်ပြီးအာဏာတည်နေမှာပဲ’၊ နောက်ပြီးတော့ ‘ကြံ့ဖွံ့ကို မဲထည့်မယ်ဆိုရင် သံဃာတွေကို သတ်နေအုံးမှာပဲ’၊ နောက်ပြီးတော့ ‘ကြံ့ဖွံ့ကို မဲပေးမယ်ဆိုရင် ကျောင်းသားတွေကို ဖမ်းနေအုံးမှာပဲ’၊ ‘ကြံ့ဖွံ့ကို မဲပေးမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းနေအုံးမှာပဲ’ ဆိုတဲ့ အကြောင်းအရာတွေကို အဓိက ရေးထားပါတယ်။ နောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ နအဖ စစ်အုပ်စုရဲ့ ခေါင်းဆောင်တွေရဲ့ ရုပ်ပြောင်တွေလည်း ပါတယ်

လွန်ခဲ့တဲ့ ၁၀ ရက်လောက်က စတင်ခဲ့တဲ့ အဲဒီ လှုပ်ရှားမှုဟာ သောကြာနေ့က ပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။ လှုပ်ရှားသူ လူငယ်တွေအနေနဲ့ ရွေးကောက်ပွဲဟာ စစ်အစိုးရအာဏာ ရေရှည်တည်တံ့အောင် ဖန်တီးပေးမယ့် ရွေးကောက်ပွဲ ဖြစ်တဲ့အတွက် ဆန့်ကျင်ရတာ ဖြစ်ကြောင်း၊ စက်တင်ဘာလကို ရွေးချယ်ခဲ့တာကလည်း သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည်နေ့နဲ့ တိုက်ဆိုင်ပြီး လုပ်တာဖြစ်ကြောင်း ပြောပါတယ်။

အရင်ကလည်း ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ စာရွက်စာတမ်းတွေကို စာတိုက်ကနေ ၂ ကြိမ်တိုင်တိုင် ပေးပို့ခဲ့ပြီး ဖြစ်ကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။