လက်ပံတောင်းတောင် ပြည်သူ့ညီလာခံ ကျင်းပမည်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးနဲ့ အလုပ်သမား၊ လယ်သမား၊ တိုင်းရင်းသား အရေးတွေ ဆွေးနွေးမယ့် ပြည်သူ့ညီလာခံ တရပ်ကို ကြေးနီစီမံကိန်းဒေသ ဆည်တဲကျေးရွာမှာ မနက်ဖြန် မနက်မှာ ကျင်းပဖို့ ပြင်ဆင်နေပြီး ညီလာခံ တက်ရောက်ဖို့ ကိုယ်စားလှယ် ၃၀၀ ကျော် ရောက်ရှိနေပြီလို့ သိရပါတယ်။

2012.10.17
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၀ ရက်က လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း လုံးဝရပ်ဆိုင်းရန် ဒေသခံ ကျေးရွာလူထု တောင်းဆို ဆန္ဒပြနေကြစဉ်။
RFA

ကိုယ်စားလှယ်တွေထဲမှာ  UNA ခေါ် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ အဖွဲ့ ပါဝင်သလို  ကချင်၊ ကယား၊ ကယန်းအဖွဲ့တွေကလည်း တက်ရောက်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗကသများ အဖွဲ့ချုပ်ဝင်တွေ၊ ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေး ခေါ် ကသဖ အဖွဲ့ဝင်တွေ၊ အလုပ်သမား၊ လယ်သမား အရေး ဆောင်ရွက်နေသူတွေ အပြင် ကွန်ယက်အသီးသီးက ကိုယ်စားလှယ်များ၊ မုံရွာနဲ့ မန္တလေးက ဒေသခံတွေ တက်ရောက်ကြမှာ ဖြစ်ပြီး လူအင်အား တစ်သောင်းခန့် တက်ရောက်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။

ဒီညီလာခံမှာ ကြေးနီစီမံကိန်းကြောင့် အဲဒီဒေသတဝိုက်က ပြည်သူတွေ နစ်နာမှုကို ဆွေးနွေးကြမှာ ဖြစ်တဲ့အပြင်၊ တနိုင်ငံလုံးက တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ဆုံးရှုံးနေရတဲ့ ကိစ္စနဲ့ ရသင့်ရထိုက်တဲ့ အလုပ်သမား လယ်သမား အခွင့်အရေးကိစ္စတွေ ထည့်သွင်း ဆွေးနွေးမှာ ဖြစ်တယ်လို့ UNA အဖွဲ့ကိုယ်စားလှယ်အဖြစ် လက်ပံတောင်းတောင် ပြည်သူ့ညီလာခံတက်ဖို့ ရောက်နေတဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသာဘန်းက RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။