လီဒိုလမ်းပိုင်း ပြုပြင်နေတဲ့ တရုတ်နိုင်ငံသားတွေကို လဝကဥပဒေနဲ့အညီ နေထိုင် ခွင့်ပြုထား


2016.12.13
ayemaungkyi-620.jpg ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးအေးမောင်ကြည် ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လီဒိုလမ်းမကြီးပေါ်က မြစ်ကြီးနား-တနိုင်း-ပန်ဆောင် လမ်းပိုင်းပြုပြင်ရေးတွေ ဆောင်ရွက်နေတဲ့ တရုတ်နိုင်ငံသား နှစ်ရာကျော်ကို လူဝင်မှုကြီးကြပ်ရေး ဥပဒေ အတိုင်း နေထိုင်လုပ်ကိုင်ခွင့်ပြုထားကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။

တရုတ်နိုင်ငံသား လုပ်သားအများစုဟာ ကာလတို နေထိုင်ခွင့်နဲ့ လုပ်ကိုင်နေကြတာဖြစ်တယ်လို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးေအးမောင်ကြည် က ပြောပါတယ်။

ဒီနှစ် ပွင့်လင်းရာသီမှာ လာရောက်လုပ်ကိုင်မယ့် တရုတ်နိုင်ငံသားတွေအတွက် နေထိုင်ခွင့်တွေကိုလည်း ပြည်နယ် အစိုးရအဖွဲ့က စိစစ်နေတာဖြစ်ပါတယ်။

တရားမဝင် နေထိုင်မှုတွေမဖြစ်အောင် လူဝင်မှုကြီးကြပ်ရေးဋ္ဌာနက နယ်စပ်ဂိတ်ကနေ အသေးစိတ်ဆောင် ရွက်နေပြီး လုပ်သားတွေခေါ်ယူလာတဲ့ ကုမ္ပဏီဘက်ကလည်း စနစ်တကျတာဝန်ယူဖို့ ညွှန်ကြားထားတယ်လို့ ဦးအေးမောင်ကြည် က ပြောပါတယ်။

"တရုတ်နိုင်ငံသားလုပ်သား စလုပ်တဲ့အချိန်တုန်းကတော့ ၂၀၁၅၊ ၁၆ ပေါ့နော်၊ ၂၃၅ ဦးနဲ့ ကျနော်တို့ မြန်မာနိုင်ငံက လုပ်သားကလည်း ၇၀ ဦးလောက်နဲ့ စလုပ်ကိုင်ကြတာပေါ့၊  အတိုး၊ အလျှော့လေးတွေတော့ရှိတယ်၊ ဒီထက်တော့ တိုးလုပ်တာမရှိဘဲနဲ့ ပွင့်လင်းရာသီဖြစ်တဲ့အတွက်ကြောင့် ဒီအင်အားတဝိုက်မှာပဲ ကျနော်တို့အဝင်အထွက်ကရှိနေပါတယ်၊  ကာလတိုတွေဖြစ်တဲ့အတွက်ကြောင့် သက်တမ်းကတော့ ကျနော်တို့ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနကနေပြီးတော အစိုးရရဲ့ခွင့်ပြုချက်နဲ့ ဝင်ခွင့်ပြုပြီးတော့ လုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်"

လီဒိုလမ်းမကြီးပေါ်က မြစ်ကြီးနား-နမ္မတီး-တနိုင်း-နန်းယွန်း-ပန်ဆောင် လမ်းပိုင်းကို နိုင်လွန်ကတ္တရာခင်းနိုင် ဖို့ မြောက်ပိုင်းတော်ဝင် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီနဲ့ တရုတ်နိုင်ငံ ပေါင်းဆန်းပြည်နယ် ထိန်မင်ကုမ္ပဏီတို့ ပူးပေါင်းပြီး ခြောက်နှစ်စီမံကိန်းအဖြစ် လုပ်ကိုင်နေတာဖြစ်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးကနေ စစ်ကိုင်းဒေသကြီး ပန်ဆောင်အထိ ၂၂၈ မိုင်ရှည်လျားတဲ့ အဲဒီစီမံကိန်းတစ်ခုလုံး အတွက် တရုတ်ယွမ်ငွေ သန်းပေါင်း ခြောက်ထောင် ရင်းနှီးမြုှပ်နှံထားတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ကစပြီး ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား-နမ္မတီး-တနိုင်းအထိ လမ်းပိုင်းကို စတင်အကောင် အထည်ဖော်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။