ပြည်သူလူထု ယုံကြည်မှု၊ လေးစားမှုမရှိရင် နုတ်ထွက်ဖို့ NLD ဗဟိုကော်မတီအစည်းအဝေးမှာ သတိပေး
2019.02.23

NLD ပါတီ ကိုယ်စားပြုသူတွေအနေနဲ့ ပြည်သူလူထုတွေ၊ ပါတီဝင်တွေက ထောက်ခံမှု၊ ယုံကြည်မှု၊ လေးစားမှု၊ သဘောကျမှုမရှိတော့ရင် သတ္တိရှိရှိ နုတ်ထွက်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယအကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေး အဖွင့်မိန့်ခွန်းမှာ သဘာပတိ နိုင်သောင်းညွှန့်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
တိုင်းရင်းသားပြည်သူတွေ ကျေနပ်တဲ့ထိ အမျိုးသားဒီမိုကရေစီအဖဲ့ွချုပ်က တိုင်းပြည်တာဝန်တွေထမ်းဆောင်ရာမှာ သစ္စာစောင့်သိဖို့လိုအပ်ပြီး ရာထူး၊ အာဏာတည်မြဲရေးအတွက် တိုင်းရင်းသားပြည်သူလူထုအပေါ် သစ္စာဖောက်တဲ့ လုပ်ရပ်မျိုးတွေမလုပ်မိဖို့ကိုလည်း သဘာပတိမိန့်ခွန်းမှာ သတိပေးပြောကြားခဲ့ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲဟာ ၂၀၁၅ ရွေးကောက်ပွဲလို့ လွယ်ကူမှာမဟုတ်ဘူးဆိုပြီး ဝေဖန်ထောက်ပြနေတာတွေကို လျစ်လျူရှူထားလို့မရဘဲ ဂရုတစိုက်နဲ့ ရှေ့ဆက်ဆောင်ရွက်သွားရမယ်လို့လည်း ထည့်သွင်းပြောကြားထားပါတယ်။
အမျိုးသားဒီမိုကရေအဖွဲ့ချုပ်ပါတီ ဒုတိယအကြိမ်ဗဟိုကော်မတီ ဒုတိယအကြိမ်အစည်းအဝေး ပထမနေ့ကို ရန်ကုန်မြို့ရွှေဂုံတိုင်မှာရှိတဲ့ ပါတီဌာနချုပ်မှာ ကျင်းပနေတာဖြစ်ပါတယ်။
ဗဟိုကော်မတီအစည်းအဝေးကို ပါတီဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်၊ ဗဟိုကော်မတီဝင်တွေဖြစ်တဲ့ ဒေါက်တာမျိုးညွှန်၊ ဒေါက်တာအောင်မိုးညို၊ ဦးဉာဏ်ဝင်းနဲ့ တိုင်းဒေသကြီးနဲ့ ပြညနယ် ဝန်ကြီးချုပ်တွေအပါအဝင် ၁၃၀ ခန့်တတ်ရောက်ခဲ့ပြီး နှစ်ရက်တာကျင်းပမှာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။