၄၈ ဦး ဆွေးနွေးပွဲကိစ္စ NLD ကြေညာချက် ထုတ်ပြန်
2015.01.13

ပြည်ထောင်စု အစိုးရအနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအပေါ် ဆန္ဒထက်သန်မှုမရှိကြောင်းနဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပေးဖို့ကို ရှောင် ရှားခြင်း မပြုသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ့အကြီးအကဲတွေ နဲ့ မနေ့ကတွေ့ဆုံရာမှာ ဆွေးနွေးခဲ့တယ်လို့ အန်အယ်လ်ဒီပါတီက ကြေညာချက် ထုတ်ပြန်လိုက် ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ပါတီရဲ့ ဗဟိုအလုပ် အမှုဆောင် အဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း မနေ့ကဆွေးနွေးပွဲမှာ တင်ပြခဲ့တာဖြစ်တယ်လို့ အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။
"ကျနော်တို့ ဖိတ်စာစရောက်ကတည်းက အဲဒီ့အပေါ် မှာ ပါလာတဲ့ဟာတွေကို ကျနော်တို့ CEC မှာ ဆွေးနွေး ပြီးတော့ CEC က ပေးခဲ့တဲ့သဘောထားတွေ၊ ဒါပါတီတစ်ခုလုံးရဲ့ သဘောထားတွေလို့ ပြောလို့ရပါတယ်"
ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပြုပြင်ပြောင်းလဲမှု ရပ်တန့်နေရတဲ့ အကြောင်းအရင်း ၈ ချက်မှာ ပြည်ထောင်စုအစိုးရက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအပေါ် ဆန္ဒထက်သန်မှုမရှိကြောင်းနဲ့ အဂတိ လိုက်စားမှုကို မထိန်းချုပ်နိုင်ကြောင်း၊ တရားစီရင်ရေးမဏ္ဍိုင်ကို အုပ်ချုပ်ရေးမဏ္ဍိုင်က ဝင်ရောက်စွက်ဖက်နေကြောင်း တို့ကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေခံတဲ့ အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ရေးခေါင်းစဉ်မှာ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး ညှိနှိုင်းဆွေးနွေးပွဲတွေကို တစ်ပြိုင်နက်တည်း ဆောင်ရွက်သင့်ကြောင်း၊ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ အနှစ်သာရရှိတဲ့ တွေ့ဆုံဆွေးနွေး ပွဲတွေ အမြန်ဆုံးဆောင်ရွက်သင့်ကြောင်းလည်း ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ ကြေညာချက်မှာပါရှိပါတယ်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေနဲ့ မကိုက်ညီတဲ့ အပြုအမူအပြောအဆိုတွေကို ထိရောက်စွာ ဟန့်တားဖို့လိုအပ်ကြောင်း၊ အုပ်ချုပ်ရေး အာဏာပိုင်များက နိုင်ငံရေးပါတီတွေကို ဘက်လိုက်ဆောင်ရွက်တာတွေ ရပ်တန့်ဖို့လိုအပ်ကြောင်းတို့ကို လည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဦးဉာဏ်ဝင်းကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။
သမ္မတ အိမ်တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေဟာ ဖိတ်ကြားခံရသူတွေများပြားပြီး အောင်မြင် တဲ့ဆွေးနွေးပွဲတစ်ခု မဟုတ်ဘူး ဆိုတဲ့အမြင်တွေရှိသလို မြန်မာ့နိုင်ငံရေးေလာကမှာ ရှုပ်ထွေးတာတွေ ဖြစ်လာနေပြီ ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။ မသင်းသီရိက တင်ပြထားပါတယ်။