လေးကေ့ကော် ဒုက္ခသည်တွေ ယာယီတဲ အမိုးအကာတွေ အရေးပေါ်လိုအပ်နေ

2022.03.21
လေးကေ့ကော် ဒုက္ခသည်တွေ ယာယီတဲ အမိုးအကာတွေ အရေးပေါ်လိုအပ်နေ ၂ဝ၂၂ ခုနှစ် မတ်လ ၂ဝရက်နေ့က မိုးကြီးတာကြောင့် ဒုက္ခသည်တွေနေတဲ့ ယာယီတဲတွေထဲ ရေတွေဝင်ပြီး အမိုးတွေ ပျက်စီးနေတဲ့ သောင်ရင်းမြစ်ဘေးက ဒုက္ခသည်တန်းလျားတစ်ခု။
Photo - Lay Kay Kaw IDP

မတ်လ ၂ဝရက်နေ့ညနေက လေပြင်းတိုက်ပြီး မိုးကြီးခဲ့တာကြောင့် ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ်ဘေးက လေးကေ့ကော် ဒုက္ခသည်တွေ နေထိုင်တဲ့ ယာယီတဲတွေမှာ အမိုး အကာတွေ ပျက်စီးသွားလို့ အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်။

ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ပြောရေးဆိုခွင့် ရှိသူ နော်ထူးထူးက မိုးဒဏ် လေဒဏ်ခံနိုင်တဲ့ အမိုးအကာတွေ အခင်းတွေ အရေးပေါ် လိုအပ်နေတယ်လို့ ပြောပါတယ်။

“မုန်တိုင်းကြောင့် မိုးက သာမန်လိုမျိုးမဟုတ်ဘဲ မိုးတအားကြီးတာ၊ လေလည်း တအားပြင်းတာ၊ ရေက အကုန်လုံး သူတို့နေတဲ့ တာလပတ်ခင်းထားတဲ့အထဲကို အကုန် ဝင်သွားတယ်၊ တာလပတ်တွေလည်း စုတ်ပြတ်သွားတယ်၊ အမိုးတွေ မရှိသလောက်ဖြစ် သွားတယ်၊ သူတို့အနေနဲ့ ခက်ခဲတာပေါ့နော်။ ရာသီဥတုကလည်း ဆိုးဝါး၊ နောက်ပြီး တိုက်ပွဲသတင်းတွေကလည်း နေ့တိုင်းပဲဆိုတော့ သူတို့မှာ ကြောက်လည်းကြောက် ရတယ်၊ ပြေးစရာနေရာကို မရှိတာ၊ ထိုင်းဘက်ကို ပြေးလို့လည်းမရ၊ ဟိုအထဲကိုလည်း ပြေးမယ့်မြေမရှိ၊ ရာသီဥတုကလည်း ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာ ပုံစံမျိုးပေါက် နေတာပေါ့နော်၊ သူတို့ခမျာ ဘာလုံခြုံမှုမှ မရှိဘူး၊ တိုက်ပွဲကြောင့် မလုံခြုံတာက တစ်မျိုး၊ ရာသီဥတုဒဏ်ကိုလည်း ခံရတာက တစ်မျိုး၊ စစ်ဘေးရှောင်တွေက အထပ် ထပ်ခံနေရတယ်။ သူတို့ဘယ်လောက်အထိ ဒုက္ခရောက်နေမလဲဆိုတာ”

သောင်ရင်းမြစ်တစ်လျှောက်မှာ စစ်ရှောင်နေတဲ့ လေးကေ့ကော်ဒေသက ဒုက္ခသည် နှစ်သောင်းကျော် ရှိတယ်လို့ KHRG စာရင်းတွေအရ သိရပါတယ်။

အဲဒီထဲမှာ ဝါးအခင်းတွေ၊ မိုးလေဒဏ်ခံနိုင်တဲ့ တာလပတ်တွေနဲ့ နေရတဲ့ ဒုက္ခသည်တွေ ရှိသလို မိုးလေဒဏ်မခံနိုင်တဲ့ တာလပတ်တွေနဲ့သာနေရတဲ့ ဒုက္ခသည်တွေလည်း ရှိပါတယ်။ ဒီဒုက္ခသည်တွေထဲမှာ ကျန်းမာရေးမကောင်းသူတွေ၊ ကလေးသူငယ်တွေနဲ့ သက်ကြီး ရွယ်အိုတွေလည်း ပါဝင်ပါတယ်။

လေးကေ့ကော်ဒေသမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကစပြီး စစ်ကောင်စီတပ်တွေနဲ့ ကရင် အမျိုးသား အစည်းအရုံး KNU တပ်တွေ တိုက်ပွဲပြင်းထန်ခဲ့လို့ ဒေသခံတွေဟာ သောင်ရင်းမြစ်ဘေးတစ်လျှောက်မှာ ယာယီတဲတွေထိုးပြီး နေကြသူတွေရှိသလို ထိုင်းနိုင်ငံထဲ ထွက်ပြေးခိုလှုံနေကြသူတွေလည်း ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။