လေးကေ့ကော်က စွယ်တော်ကုန်း လက်နက်ကြီးဗျူဟာတပ်စခန်းကို KNLA သိမ်းပိုက်
2024.10.16

[Update: 1:00 PM, Oct 17, 2024]
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်အနီးက စစ်ကောင်စီရဲ့ စွယ်တော်ကုန်း လက်နက်ကြီး ဗျူဟာတပ်စခန်းကို အောက်တိုဘာ ၁၇ ရက်နေ့ ဒီနေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက RFA ကို အတည်ပြု ပြောပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ မဟာမိတ်တပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သုံ့ပန်းနဲ့ စက်လက်နက်ပစ္စည်းအများအပြားကိုလည်း သိမ်းဆည်းရမိထားတယ်လို့ ဆိုပါတယ်။
ဒီတပ်စခန်းဟာ စစ်ကောင်စီအနေနဲ့ မြဝတီမြို့ကို လက်မလွှတ်ရဖို့အတွက် ဗျူဟာကျပြီး စစ်ရေးအရ အရေးပါတဲ့ တပ်စခန်းဖြစ်တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောပါတယ်။
“စစ်ရေးအရ အရေးပါတဲ့ အပိုင်းမှာကတော့ အထူးသဖြင့် မြဝတီမြို့နားမှာ သူ့ကို အကာအကွယ်ပေးမဲ့ တပ်စခန်းတစ်ခုမှ မရှိတော့လို့ မြဝတီမြို့ဟာ တကယ့် ဟာလာဟင်းလင်း လေဟာပြင်ထဲမှာ ရောက်နေပါပြီ၊ ဒီစခန်းကုန်းကနေ သင်္ဃန်းညီနောင်နဲ့ အနီးအနားပတ်ဝန်းကျင်ရွာတွေကို သာမက အာရှလမ်းမကြီးအထိ ခဏခဏ အမြောက်ကြီးတွေပစ်ခတ်လို့ ကျရောက်ပေါက်ကွဲပြီး ပျက်စီးဆုံးရှုံးမှုနဲ့ သေကြေဒဏ်ရာရတာတွေ အများကြီးရှိခဲ့တယ်”
အဲဒီစခန်းမှာ စစ်ကောင်စီတပ်သား အင်အားရာနဲ့ချီ တပ်စွဲနေထိုင်ပြီး စခန်းသိမ်းဆည်းရာမှာ စစ်ကောင်စီတပ်ရဲ့ ဗျူဟာမှူးနဲ့ တပ်သားတချို့ ထွက်ပြေးလွတ်မြောက်ခဲ့တာကြောင့် လိုက်လံဖမ်းဆီးတာနဲ့ နယ်မြေရှင်းလင်းရေးတွေလည်း ဆက်လုပ်ဆောင်နေတယ်လို့ သူက ဆိုပါတယ်။
စွယ်တော်ကုန်း လက်နက်ကြီးဗျူဟာကုန်းစခန်းဟာ မြ၀တီမြို့အနီးဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာလည်း လက်နက်ကြီးတွေ ပစ်ကူပေးနေတဲ့ အဓိကပင်မစခန်းတစ်ခုဖြစ်ပြီး အဲဒီစခန်း သိမ်းဆည်းနိုင်ဖို့အတွက် KNLAနဲ့ ပူးပေါင်းတပ်တွေက အချိန်သုံးလကျော်အကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အဲဒီတပ်စခန်းကုန်းအနီးတစ်၀ိုက်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ လေကြာင်းကင်းထောက်တာတွေ လုပ်နေတာကြောင့် ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိလာနိုင်တယ်လို့ KNLA ပူးပေါင်းတပ်တွေဘက်က ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာတာမရှိသေးသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ကလည်း မြဝတီမြို့က စစ်ကောင်စီအတွက် အရေးပါတဲ့ လက်ခတ်တောင်တာဝါတိုင်စခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။