ပုဒ်မ ၁၈ ကို မကျေနပ်လို့ ဆန္ဒပြသူတွေကို ပုဒ်မ ၁၈ နဲ့တရားစွဲဆို
2013.08.28
ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ကိုဖျက်သိမ်းပေးဖို့ ရန်ကုန်တိုင်းမှာ မနေ့ကစီတန်းလှည့်လည် ဆန္ဒပြ တောင်းဆိုကြတဲ့သူတွေထဲက ခြောက်ဦးကို မြို့နယ် ၆ မြို့နယ်ကပုဒ်မ ၁၈ နဲ့ တရားစွဲလိုက်ပါတယ်။
မနေ့က စမ်းချောင်းမြို့နယ် မြေနီကုန်းကနေ မြို့နယ် ၇ မြို့နယ်ကိုဖြတ်ပြီး စီတန်း လှည့်လည်ကြရာမှာ အခုလို အမှုဖွင့် ခံထားရတာဖြစ်တယ်လို့ တရားစွဲခံထားရတဲ့ ကိုကျော်နေဝင်းကRFA ကိုပြောပါတယ်။
"ကျောက်တံတားရဲစခန်းမှာ ကျွန်တော်တို့ကို တရားစစွဲတာ အပြင်၊လမ်းမတော်၊လသာ၊ကြည့်မြင်တိုင်၊ပန်းဘဲတန်းက စခန်းမှုးတွေ ကျောက်တံတားမှာစုပြီး၊တရားစွဲတာ၊အလုံကတော့ ဒီမနက်ခေါ်ပြီးတရားစွဲပါတယ်။စမ်းချောင်းကတော့ မခေါ်သေးပါဘူး။ပုဒ်မကတော့ ကျွန်တော်တို့ ဖျက်သိမ်းတဲ့ ပုဒ်မပါပဲ"
မနေ့က ဆန္ဒပြကြသူ ၂၀ ကျော်လောက် မြို့တော်ခန်းမရှေ့ထိလမ်းလျှောက် ဆန္ဒပြ တောင်းဆိုခဲ့ကြရာမှာ ကျောက်တံတား ရဲစခန်းက ဆန္ဒပြပွဲဦးဆောင်သူ ခြောက်ဦးကို ခေါ်ဆောင်သွားပြီး ခံဝန်လက်မှတ်နဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။
သူတို့ ၆ဦးစလုံးဟာ အရင်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် လိုင်ဇာထိ လမ်းလျှောက်ဆန္ဒပြကြတဲ့အတွက် ပုဒ်မ ၁၈ နဲ့ တရားရုံးတွေမှာ အသီးသီးအမှု ရင်ဆိုင်နေသူတွေဖြစ်ပါတယ်။
သူတို့ကို ကျောက်တံတားမြို့နယ် တရားရုံးမှာ လာမယ့်စက်တင်ဘာလ၁၂ရက်နေ့မှာ စတင်စွဲချက် တင်စစ်ဆေးမယ်လို့ သိရပါတယ်။