လောက်ကိုင်မြို့ကို ဝင်တိုက်တော့မယ်လို့ MNDAA ကြေညာ
2023.11.14

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ကို ဝင်ရောက်တိုက်ခိုက်တော့မယ်လို့ ကိုးကန့်တပ်မတော် (MNDAA) က နိုဝင်ဘာလ ၁၄ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
"ကိုးကန့်နယ်ထဲမှာတော့ တပ်စခန်းတော်တော်များများကိုလည်း သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ပြီပေါ့နော်၊ လောက်ကိုင်မြို့ကိုလည်း ဝန်းရံထားနိုင်တဲ့အခြေအနေကို ရောက်ရှိနေပြီဆိုတော့ ဝင်တော့မယ်လို့ ထုတ်ပြန်ထားတာပါ"
လောက်ကိုင်မြို့ဟာ ကိုးကန့်တပ်မတော် (MNDAA) အထူးဒေသ ၁ ရဲ့ အရင်က မြို့ကြီးဖြစ်တာကြောင့် အရေးပါတယ်လို့လည်း လီကျားဝင်းက ပြောပါတယ်။
လောက်ကိုင်မြို့ထဲမှာ မြို့ခံတွေ၊ ကျားဖျန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ လုပ်ကိုင်တဲ့သူတွေလည်းရှိတာကြောင့် ထိခိုက်မှုနည်းအောင် ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
စစ်ကောင်စီရဲ့ တယ်လီဂရမ်ချန်နယ်မှာတော့ ဗိုလ်ချုပ်ဇော်မင်းထွန်း က ရှမ်းပြည်နယ် မြောက်ပိုင်းက တာရွှေထန်ဘက်မှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့သာ ထုတ်ဖော်ပြောဆိုထားပြီး လောက်ကိုင်မြို့နဲ့ ပတ်သက်တဲ့ စစ်ရေးအခြေအနေကို ထည့်သွင်းပြောဆိုထားတာ မရှိပါဘူး။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကိုးကန့်တပ်မတော် (MNDAA)နဲ့ ရက္ခိုင့်တပ်တော် (AA) နှစ်ဖွဲ့ပေါင်းပြီး အောက်တိုဘာ ၂၇ ရက်နေ့ကနေ နိုဝင်ဘာလ ၁၄ ရက်နေ့အထိ စစ်ကောင်စီရဲ့ တပ်စခန်း စုစုပေါင်း (၁၄၄) ခုကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ မြောက်ပိုင်းသုံးဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ကွမ်းလုံ၊ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ မုံးကိုးနဲ့ နမ့်ခမ်းစတဲ့ မြို့ငါးမြို့ကို သိမ်းနိုင်ခဲ့ပြီး သိန္နီနဲ့ ကြူကုတ် (ပန်ဆိုင်း)မြို့တွေမှာ နေရာအားလုံးနီးပါးကိုတော့ ထိန်းချုပ်ထားနိုင်ပေမဲ့ တိုက်ပွဲတွေဆက်ဖြစ်နေဆဲပဲလို့ MNDAA က ပြောထားပါတယ်။
စစ်ကောင်စီဘက်ကလည်း ကွမ်းလုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး၊ သိန္နီ၊ လောက်ကိုင်၊ ကုန်းကြမ်း စတဲ့ ရှမ်းပြည်မြောက်ပိုင်းက မြို့နယ်ရှစ်မြို့နယ်ကို နိုဝင်ဘာ ၁၂ ရက်က စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါတယ်။