ကြေးနီစီမံကိန်း ဒေသခံတွေ ဆက်လက်ဆန္ဒပြ
2013.03.25
မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းပေးရေး တောင်းဆိုကြတဲ့ ရာနဲ့ချီတဲ့ဒေသခံတွေဟာ ဒီကနေမှာလည်း ဝမ်ပေါင်ကုမ္ပဏီရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
အခုရက်ပိုင်း ဆန္ဒပြတာတွေဟာ ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်နဲ့ ဆက်လက်တောင်းဆိုနေကြတာဖြစ်ပါတယ်။
ဒီကနေ့ဆန္ဒပြပွဲကိုတော့ တုံရွာကနေ ဝမ်ပေါင်ကုမ္ပဏီရှေ့အထိ ချီတက်ခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ကတည်းက နေ့စဉ်ဆန္ဒပြနေကြတာပါ။ ဒေသခံတွေ တောင်းဆိုနေတာက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေး၊ မီးလောင်ဗုံးတရားခံ ဖော်ထုတ်ပေးရေး စတာတွေ ဖြစ်ပါတယ်။
ဒီနေ့လမ်းလျှောက်ဆန္ဒပြပွဲကို စီမံကိန်းနားက ကျေးရွာတွေဖြစ်တဲ့ ဆည်တဲ၊ ဇီးတော၊ ကျောက်ဖြူတိုင်၊ မိုးကြိုးပြင်၊ ဖောင်းကထာစတဲ့ ကျေးရွာ ၁၄ ရွာက ဒေသခံပြည်သူတွေ ပါဝင်ခဲ့ကြပါတယ်။
ဒါ့အပြင် တရုတ် ဝမ်ပေါင်ကုမ္ပဏီနားမှာ သပိတ်စခန်း ပြန်လည်ဖွင့်လှစ်ဖို့အတွက် ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို တရားဝင်စာတင်ထားတယ်လို့လည်း သိရပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးအဖွဲ့က အစီရင်ခံစာထဲမှာ အကြံပြုထားတဲ့အတိုင်း ဒေသခံတွေ အလုပ်အကိုင်ရရှိရေးလုပ်ငန်းကို အာဏာပိုင်တွေဘက်က စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီလို့ သိရပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မရတနာဦးက စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။