ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး အရှိန်မြှင့် လုပ်ဆောင်သွားမည်
2013.01.06
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ ကြေးနီတောင်စီမံကိန်းတဝိုက်က ညောင်ကန်ကြီး၊ ဝက်မှေး၊ ဆည်တဲ စတဲ့ ကျေးရွာပေါင်း ၂၆ရွာက ဒေသခံ တောင်သူလယ်သမားတွေဟာ စီမံကိန်းရပ်ပေးဖို့ ဆက်လက်ဆန္ဒပြနေကြပြီး၊ ဒီကနေ့ ကျင်းပတဲ့အစည်းအဝေးမှာတော့ သူတို့အနေနဲ့ ဆန္ဒပြတာကို အရှိန်မြှင့်သွားမှာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာကိုလည်း စောင့်ကြည့်လေ့လာသွားမယ်လို့ ဆည်တဲရွာသူတစ်ဦးဖြစ်တဲ့ မသန်းနုက RFA ကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကြေးနီတောင်စီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်က ပထမဆုံးအစီရင်ခံစာကို လာမယ့် ဇန်နဝါရီလ ၃၁ရက်နေ့ မှာ နောက်ဆုံးထားထုတ်ပြန်ဖို့ရှိတဲ့အပြင်၊ အဲဒီက ရရှိလာမယ့်အစီရင်ခံစာမှာ ကြေးနီတောင် စီမံကိန်းဆက်လက်ဆောင်ရွက်ဖို့ ထောက်ခံချက်ပေးမယ်ဆိုရင်တောင် သပိတ်တိုက်ပွဲကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။
ကော်မရှင်က လက်ရှိစုံစမ်းစစ်ဆေးမူတွေ ပြုလုပ်နေစဉ်မှာ ကြေးနီတောင်တဝိုက်မှာ စီမံကိန်းတွေကို ရပ်တန့်ခြင်းမရှိဘဲ ကုမ္ပဏီကလုပ်ငန်းတွေကို လုပ်ဆောင်နေတာကိုလည်း သပိတ်တိုက်ပွဲဝင်သူတွေက ကျေနပ်ခြင်းမရှိဘူးလို့ ဒီကနေ့ အစည်းအဝေး တက်ရောက်သူတွေက RFA ကိုပြောပါတယ်။
တစ်ချိန်တည်းမှာလည်း ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးက အဲဒီနေရာတွေမှာ ပုဒ်မ၁၄၄အမိန့်ကို ရုတ်သိမ်းခြင်းမရှိသေးပဲ ၂၀၁၃ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့က အမိန့်ကို ဖေဖော်ဝါရီလကုန်အထိ တိုးပြီး သတ်မှတ်လိုက်ပါတယ်။