အစိုးရရဲ့ အချိန်ကပ်ကြေညာချက်ကြောင့် အလုပ်သမားတွေ အခက်တွေ့

သီဟထွန်း
2020.04.20

ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ကာကွယ်ရေးအတွက်၊ တစ်နိုင်ငံလုံးရှိ စက်ရုံ၊ အလုပ်ရုံ အားလုံးကို ဧပြီလ ၃၀ ရက်နေ့ ထိ ပိတ်ထားဖို့ အလုပ်သမား လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည့်သူ့အင်အား ဝန်ကြီးဌာနက ဧပြီလ-၁၉ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

သင်္ကြန်ပိတ်ရက်အပြီး စက်ရုံတွေ ပြန်ဖွင့်ဖွင့်ချင်းမှာပဲ အခုလို အချိန်ကပ်ပြီး ကြေညာလိုက်တဲ့အတွက် အလုပ်ရှင်နဲ့ အလုပ်သမားတွေကြား မကျေလည်မှုတွေ ဖြစ်နေပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ဧပြီလ ၂၀ ရက်မှ ၃၀ ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် စက်ရုံ၊ အလုပ်ရုံတွေကို စစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး၊ သတ်မှတ်ချက်နဲ့ ကိုက်ညီမှသာ ပြန်ဖွင့်ခွင့်ပြုမယ်လို့ မနေ့ညပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေညာချက်မှာ ဧပြီလ ၃၀ ရက်နေ့အထိ စက်ရုံ၊ အလုပ်ရုံတွေကို ပိတ်ထားရမယ်လို့ တိုက်ရိုက်ညွှန်ကြားချက် မပါဝင်တဲ့အတွက် ရန်ကုန်တိုင်း လှိုင်သာယာ စက်မူဇုန်က အလုပ်ရုံတွေကို အလုပ်ရှင်တွေက ဒီနေ့ ပြန်ဖွင့်ခဲ့ရာမှာ အလုပ်သမားတွေနဲ့ မကျေလည်မှု‌‌တွေ ရှိခဲ့ပါတယ်။

အခုလို စက်ရုံပိတ်ဖို့ ကြေညာချိန်မှာ အနယ်နယ် အရပ်ရပ်က ဝန်ထမ်းတွေ အလုပ်ပြန်ဆင်းနေပြီဖြစ်တဲ့အတွက် စိုးရိမ်မိတယ်လို့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ကျားလေး အထည်ချုပ်စက်ရုံမှာ သမီးသုံးယောက်လုံး အလုပ်လုပ်ကိုင်နေတဲ့ ဖခင်ဖြစ်သူ ဦးအောင်ဌေးကျော်က ပြောပါတယ်။

"အဲဒီမှာ ကျနော့် သမီးကြီးပဲ အဲဒီမှာ သုံးယောက်လုပ်နေတဲ့ အခါကျတော့လေ။ သူတို့က နယ်အနှံ့ ရွှေပြည်သာ လည်း ခေါ်တယ်၊ အင်းစိန်ကလည်း ခေါ်တယ်။ ဘုရင့်နောင်ကလည်း ခေါ်တယ်။ မြို့ထဲကလည်း ခေါ်တယ်။ ပြီးရင် ထန်းတပင် ခေါ်တယ်။ တွံတေးကလည်း ခေါ်တယ်။ အဲဒီလို ဒီလောက် အရေးကြီးနေတဲ့အချိန်မှာ လူတွေအများကြီး တစ်နေကုန် ပိတ်လှောင်ထားတဲ့အတွက် ကျနော်က စိုးရိမ်တာပါ။"

ကိုရီယားနိုင်ငံသားပိုင်တဲ့ အဲဒီစက်ရုံမှာ ဝန်ထမ်းပေါင်း တစ်ထောင်ကျော်ခန့်ရှိပြီး သင်္ကြန်ပိတ်ရက်အပြီး အခု အလုပ်ပြန်ဖွင့်ချိန်မှာ အလုပ်သမား အတော်များများ အလုပ်ပြန်ဆင်းနေပြီလို့ သိရပါတယ်။

အစိုးရရဲ့ ကြေညာချက်မှာ ဧပြီလ ၂၀ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ လုပ်ငန်းတွေကို စစ်ဆေးမယ်လို့ ဖော်ပြထားတဲ့အတွက် အဲဒီရက်ပိုင်းအတွင်း အလုပ်သမားတွေကို ဘယ်လို လစာပေးမလဲဆိုတာ မေးခွန်းထုတ်စရာ ရှိတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက ပြောပါတယ်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အလုပ်သမားရေးရာအရာရှိ ဦးမင်းစိုးဟန်က ထုတ်ပြန်ချက်က မရှင်းလင်းတဲ့အတွက် အလုပ်ရှင်နဲ့ အလုပ်သမားတွေကြား နားလည်မှု လွဲကုန်ကြတာလို့ ပြောပါတယ်။

"အဲဒီလိုဆိုလို့ရှိရင် ခုန ကြေညာချက်ထဲမှာ ပိတ်ထားလိုက်ပါလို့ ရေးဖို့ကောင်းတယ်။ ခုဟာ ကျနော့် ပိတ်ထား လိုက်ပါလို့ မရေးတော့ကျတော့ ဟိုဟာလိုလို ဒီဟာလိုလို ဆိုတဲ့အခါကျတော့ စက်ရုံ အတော်များများက ဘယ်လိုဖြစ်လဲဆိုတော့ နားလည်မှုတွေ လွဲကုန်တယ်။ သူတို့လုပ်နေရင်းတန်းလန်းမှာပဲ လာစစ်တော့မှာလား။ ဒါမှမဟုတ် ပိတ်ရမှာလား အဲဒီ နှစ်ခု မကွဲမပြားဖြစ်သွားတယ်။ ဒါတစ်ခု၊ နောက်တစ်ခုက တချို့စက်ရုံတွေက ကုန်ထုတ်လုပ်မှု လိုအပ်နေတာတွေ ရှိတယ်။ တချို့စက်ရုံတွေကလည်း ငွေရေးကြေးရေးအရ နည်းနည်း အခက်အခဲရှိတဲ့ စက်ရုံတွေ ရှိကောင်းရှိနိုင်တယ်။ အဲဒီက စက်ရုံက ပိတ်ပါတယ်ဆိုပြီး ပြောပြီး ပိတ်လိုက်လို့ ရှိရင် အဲဒီပိတ်တဲ့ရက်အတွက် စက်ရုံက ပေးရမလိုဖြစ်နေမှာပေါ့။ အဲတော့ စက်ရုံ အတော်များများကလည်း ဒီကိစ္စကို ကြောက်တယ်။"

ဒီကြေညာချက်နဲ့ပတ်သက်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က  ဒီနေ့ နေပြည်တော်မှာ သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။

"၂၀ ရက်နေ့ကနေ ၃၀ ရက်နေ့အထိကို စက်ရုံတွေ ပွင့်ပွင့်လင်းလင်းပြောရရင် စက်ရုံ အလုပ်ရုံ အားလုံးက ပိတ်ထားရမယ်။ အစစ်ဆေးခံပြီးရင် ဖွင့်ရမယ်။ အဓိက ဆိုလိုချင်တာက။ ဘာကြောင့်လဲဆိုတော့ ပြန်လာတဲ့ နယ်ပေါင်းစုံက ကလေးတွေကို ဒီလို ကာကွယ်စောင့်ရှောက်ဖို့ကို အဓိက ရည်ရွယ်တယ်။ အဲဒီအတွက် ခုန အကြံပြုချက်ဆိုတာ ဘာကိုပြောလိုက်လဲ။ စက်ရုံ အလုပ်ရုံတွေက ကျနော်တို့ စက်ရုံတွေကို စစ်ဆေးလို့ရပါပြီ ဆိုတာပြောလိုက်ရင် စစ်ဆေးပြီးရင် ဖွင့်လို့ရပြီ။"

စက်ရုံ၊ အလုပ်ရုံတွေကို စစ်ဆေးမှု ပြုလုပ်တဲ့ကာလအတွင်း လူမှုဖူလုံရေး အာမခံကြေး ထည့်ထားတဲ့ အလုပ်သမားတွေကို ထည့်ဝင်ငွေထဲကနေ  ငွေကြေးထောက်ပံ့ပေးဖို့ စီစဉ်နေတယ်လို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။

လက်ရှိမှာ လူမှုဖူလုံရေးထောက်ပံ့မှုနဲ့ အကျုံးဝင်တဲ့ အလုပ်သမား အရေအတွက်က တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တစ်သန်းခွဲ‌ကျော် ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

အစိုးရက စစ်ဆေးတဲ့အခါ ဆေးဝါးစက်ရုံ၊ စားသောက်ကုန်စက်ရုံ၊ ကျန်းမာရေးလိုအပ်ချက်နဲ့ ကိုက်ညီပြီး ဖွင့်ဖို့ အသင့်ဖြစ်နေတဲ့စက်ရုံ၊ အလုပ်သမားဦးရေ တစ်ထောင်အထက်ရှိတဲ့စက်ရုံတွေကို ဦးစားပေးမယ်လို့လည်း မနေ့ညက ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အလုပ်သမားရေးရာကိစ္စတွေ ကူညီဆောင်ရွက်ပေးနေတဲ့ တို့မျိုးဆက်ကွန်ရက် WE Generation Network ဒါရိုက်တာ ကိုနန္ဒာစစ်အောင်က အလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲကို ရှင်းပြပါတယ်။

"ပြဿနာတစ်ခုကဗျာ။ ရန်ကုန်ရောက်နေတဲ့ အလုပ်သမားတွေ  ခုနောက်ဆက်တွဲ အငြင်းပွားနေတဲ့ ကိစ္စက ပိတ်ရက်အတွင်းမှာ လစာရမှာလား၊ မရဘူးလားပေါ့။ ဒုတိယတစ်ခုက ဘာလဲဆိုတော့ ရန်ကုန်ရောက်ပြီး အဆောင်မှာလည်း နေလို့မရတဲ့သူတွေ၊ အလုပ်သမားတွေအတွက် ဘယ်လိုလုပ်ကြမလဲပေါ့။ အဲဒီ အငြင်းပွား နေတဲ့ ကိစ္စနှစ်ခုအတွက် ကျနော်တို့မှာ အဖြေမရှိသေးဘူး။"

မနက်ဖြန်မှာ ဧပြီလ ၂၁ ရက်နေ့က စလို့ စက်ရုံ အလုပ်ရုံတွေကို အနည်းဆုံး အဖွဲ့ ၆၀ ၊ ၇၀ လောက်နဲ့ စစ်ဆေး သွားမှာဖြစ်ပြီး ကျန်းမာရေး သတ်မှတ်ချက်နဲ့အညီ ပြင်ဆင်ထားတဲ့သူတွေအနေနဲ့လည်း လာစစ်ပေးဖို့ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေထံ တင်ပြတောင်းဆိုနိုင်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။