လားရှိုးမှာ ဈေးဆိုင်ခန်းနဲ့ နေအိမ်တွေ ဖောက်ထွင်းခိုးယူခံရ
2024.08.07

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေရတဲ့ ဒေသခံတွေရဲ့ နေအိမ်တွေနဲ့ ဈေးဆိုင်ခန်းတွေ ဖောက်ထွင်းခိုးယူခံနေရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ဩဂုတ်လ ၇ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။
လူအုပ်စုလိုက် ဆိုင်ကယ်တွေ၊ ကားတွေနဲ့ လိုက်လံဖောက်ထွင်းခိုးယူနေတာလို့ နေအိမ်နဲ့ ဈေးဆိုင်ခန်းပါ ဖောက်ထွင်းခိုးယူခံခဲ့ရသူ လားရှိုးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“စားစရာမရှိလို့ ဆိုင်မှာရှိတဲ့ စားသောက်ကုန်တွေ ယူတာ မပြောလိုပါဘူး။ အခုက အိမ်မှာရှိတဲ့ အိုးခွက်တွေ တောင် မချန်ဘူး။ တစ်အိမ်လုံးမွှေပြီး ယူသွားတာဗျာ။ ဘာမှကို မကျန်တာ။ ပြီးတော့ အုပ်စုလိုက်ကြီး”
လူနှစ်ဆယ်ကနေ သုံးဆယ်ခန့်ပါတဲ့ လူအုပ်စုတွေက ခိုးယူတာဖြစ်တာလို့ အရပ်သားတွေက တားမြစ်ရင်လည်း ပြန်လည်ရန်ပြုခံရမဲ့ အခြေအနေကို စိုးရိမ်ရတယ်လို့ နောက်ထပ် မြို့ခံတစ်ဦးက ပြောပါတယ်။
“မြို့ဘေးနားက ရွာတွေကနေ မနက်ဆိုရင် ဆိုင်ကယ်တွေ ကားတွေနဲ့ လာကြပြီ။ တစ်အိမ်ဖောက်ထားတာတွေ့ရင် ကျန်တဲ့လူတွေပါ ဝင်ပြီး သယ်ကြ ယူကြတာ။ ဘာမှမဖြစ်ဘူး ယူလို့ရတယ်ဆိုပြီး သယ်နေတာ။ ဓာတ်ပုံရိုက်တော့ ဘာလို့ရိုက်တာလဲဆိုပြီး ပြန်ရန်လုပ်သေးတယ်။ MNDAA တပ်ဖွဲ့တွေလည်း သွားလာနေကြတာပဲ ဘာမှမပြောဘူး”
လားရှိုးမြို့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဩဂုတ်လ ၃ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီးနောက် မြို့ကို ထိန်းချုပ်ထားပြီး မြို့တွင်းမှာ လိုက်လံခိုးယူနေသူတွေကို ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်နေတယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ ရပ်ကွက်အားလုံးမှာ လိုက်လံဖောက်ထွင်း ခိုးယူနေသူတွေကို မထိန်းချုပ်သေးနိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
သြဂုတ်လ ၃ ရက်နေ့ကစပြီး လားရှိုးမြို့မှာ တိုက်ပွဲတွေ မရှိတော့တဲ့အတွက် ဒေသခံတချို့လည်း နေရပ်ပြန်လာပြီး မိမိတို့ရဲ့ နေအိမ်တွေမှာ ပြန်လည်နေထိုင်နေကြပြီလို့ မြို့ခံတွေက ပြောပါတယ်။