ငါးလနီးပါးရပ်ထားရတဲ့ လားရှိုးလေကြောင်းခရီးစဉ်တွေ ပြန်စ
2024.03.18

ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးကြောင့် အောက်တိုဘာလ ၂၇ ရက်နေ့ကတည်းက ရပ်နားခဲ့တဲ့ လားရှိုးလေကြောင်းခရီးစဉ်တွေ မတ်လ ၁၉ ရက်နေ့မှာ ပြန်လည်ပြေးဆွဲနေပြီလို့ လားရှိုးမြို့ခံတွေက RFA ကို ပြောပါတယ်။
လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက လေကြောင်းခရီးစဉ်တွေ ပြန်လည်ပြေးဆွဲဖို့ မတ်လ ၁၆ ရက်နေ့မှာ ခွင့်ပြုခဲ့တာဖြစ်ပြီး မတ်လ ၁၉ ရက်နေ့မှာ လေကြောင်းခရီးစဉ်အချို့ စတင်မယ်လို့ လေကြောင်းလိုင်းလုပ်ငန်းတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပြည်တွင်းလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Mingalar Airline ကုမ္ပဏီရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာလည်း ရန်ကုန် - လားရှိုးခရီးစဉ်ကို မတ်လ ၁၉ ရက်နေ့မှာ စတင်ပြေးဆွဲမယ်လို့ ဖော်ပြထားပါတယ်။
ရန်ကုန် - လားရှိုးခရီးစဉ်အတွက် လူတစ်ဦးကို ကျပ်ငွေသုံးသိန်းကျော် ကျသင့်မယ်လို့လည်း ဆိုပါတယ်။
အခြား လေကြောင်းလိုင်းတွေလည်း ဒီရက်ပိုင်းမှာပဲ ပြန်လည်စတင်လာနိုင်တယ်လို့ လေကြောင်းလိုင်းလုပ်ငန်းတွေနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးမတိုင်ခင်က လားရှိုးကနေ ရန်ကုန်၊ မန္တလေး၊ ဟဲဟိုး၊ တာချီလိတ်စတဲ့မြို့တွေကို လေကြောင်းခရီးစဉ်တွေ ပုံမှန်ပြေးဆွဲခဲ့တာပါ။
လေကြောင်းခရီးစဉ်တွေ ပြန်စပေမယ့် လားရှိုးနဲ့ မန္တလေးကို ဆက်သွယ်ထားတဲ့ ကုန်သွယ်ရေးလမ်းပေါ်က စဉ့်အင်တံတားနဲ့ ကျင်သီတံတားတွေ ပြန်လည်မပြင်ဆင်နိုင်သေးတာကြောင့် ခရီးသွားကားတွေနဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေကတော့ ပုံမှန်ပြန်မဖြစ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။