ရသေ့တောင်မှာ မြေမြှုပ်မိုင်းနင်းမိပြီး လူငယ်တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာပြင်းထန်

RFA Burmese
2024.05.16
ရသေ့တောင်မှာ မြေမြှုပ်မိုင်းနင်းမိပြီး လူငယ်တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာပြင်းထန် ရသေ့တောင်မြို့နယ် စေတီပြင်ရွာမှ မိုင်းနင်းမိပြီး ဒဏ်ရာရသည့် လူနာအား ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်နေ့က သယ်ဆောင်လာစဉ်။
Citizen Journalist

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ မေလ ၁၅ ရက် မနေ့က မြေမြှုပ်မိုင်းနင်းမိလို့ ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်တန်းရွာက အသက် ၁၆ နှစ်အရွယ် မောင်ခင်မောင်သန်း သေဆုံးတာဖြစ်ပြီး မောင်အောင်မိုးဦးနဲ့ မောင်စိုးတင်သန်းတို့ နှစ်ဦး ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

သူတို့ဟာ ကျောက်တန်းရွာကနေ ကံပြင်ရွာကိုအသွား စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ လက်ကျန်မိုင်းကို နင်းမိခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကလေးတွေက ကံပြင်ရွာကိုသွားတာ။ ကံပြင်ရွာကိုရောက်တော့ စာသင်ကျောင်းနားမှာ မိုင်းနင်းမိတာပေါ့။ ကားလမ်းနား ကျပါတယ်။ အဲဒီနားမှာက စစ်တပ်ကနေရာယူခဲ့တာရှိတယ်။ သူတို့ ထောင်ခဲ့တဲ့မိုင်းပါ။ ခင်မောင်သန်းဆိုတဲ့ ကလေးက ခြေပြတ်သွားတော့ ဆေးကုနေတုန်း သေသွားတယ်။ ကျန်တဲ့ ကလေးနှစ်ယောက်မှာလည်း ဒဏ်ရာအတော်ပြင်းတယ်”

ရခိုင်ပြည်နယ်မြောက်ပိုင်းက တိုက်ပွဲပြင်းထန်ခဲ့တဲ့နေရာတွေမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်ပစ္စည်းတွေရှိနေသေးတာကြောင့် ဒေသခံတွေ စိုးရိမ်နေရတယ်လို့ သူကဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ဧပြီလအတွင်းကလည်း ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ မောင်တောနဲ့ မင်းပြားမြို့နယ်တွေမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်ဗုံးသီးပေါက်ကွဲမှုကြောင့် အရပ်သား ကိုးဦးသေဆုံးပြီး လူနှစ်ဆယ် ဒဏ်ရာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။