ဧပြီလအတွင်း ရခိုင်မှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်ဗုံးကြောင့် ကိုးဦး သေဆုံး၊ အယောက် ၂၀ ဒဏ်ရာရ

RFA Burmese
2024.04.23
ဧပြီလအတွင်း ရခိုင်မှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်ဗုံးကြောင့် ကိုးဦး သေဆုံး၊ အယောက် ၂၀ ဒဏ်ရာရ ရသေ့တောင်မြို့နယ် စေတီပြင်ရွာမှ မိုင်းနင်းမိပြီး ဒဏ်ရာရသည့် လူနာအား ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်နေ့က သယ်ဆောင်လာစဉ်။
Photo: RFA

စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်ဗုံးတွေ ပေါက်ကွဲတာကြောင့် ဧပြီလအတွင်းမှာတင် ကိုးဦး သေဆုံးပြီး အယောက် နှစ်ဆယ်ဒဏ်ရာရခဲ့ပါတယ်။

ကျောက်ဖြူမြို့နယ်မှာ သေဆုံးသူ တစ်ဦးနဲ့ ဒဏ်ရာရသူ လေးဦး၊ မင်းပြားမှာ သေဆုံးသူ နှစ်ဦးနဲ့ ဒဏ်ရာရသူ သုံးဦး၊ စစ်တွေမှာ သေဆုံးသူ သုံးဦးနဲ့ ဒဏ်ရာရသူ လေးဦး၊ မောင်တောမြို့နယ်မှာ သေဆုံးသူ သုံးဦးနဲ့ ဒဏ်ရာရသူ ကိုးဦးအထိရှိခဲ့တာပါ။

စစ်ကောင်စီတပ်ကထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေနဲ့ စစ်လက်ကျန်ဗုံးတွေကြောင့် အခုလို သေဆုံး၊ ဒဏ်ရာရကြတာလို့ ရခိုင်မှာ မိုင်းအန္တရာယ် အသိပညာပေးဆောင်ရွက်နေတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရခိုင်မှာ မိုင်းကြောင့် သေဆုံး၊ ဒဏ်ရာရကြတဲ့အကြောင်းအရင်း နှစ်မျိုးရှိတယ်။ ပထမက စစ်ကောင်စီတပ်စခန်း အနီးအနားတွေမှာ မိုင်းထောင်ထားတာကြောင့်ရယ်၊ ပြီးတော့ တိုက်ပွဲအပြီး ကျန်ခဲ့တဲ့ဗုံးသီးတွေကို ကောက်ယူလာပြီး ထုခွဲကြည့်တဲ့အခါ၊ ကလေးတွေ ဆော့ကစားတဲ့အခါ ပေါက်ကွဲတာကြောင့်ရယ်ပေါ့။ တိုက်ပွဲက နေရာအများကြီးမှာဖြစ်ခဲ့တော့ နောက်ထပ်လည်း အများကြီးရှိနိုင်သေးတယ်။ ဆိုတော့ ပိုပြီးထိခိုက်လာနိုင်တယ်။ စိုးရိမ်စရာတွေလည်း ကောင်းလာတယ်။ ကျွန်တော်တို့လည်း တက်နိုင်သလောက် မိုင်းအန္တရာယ် အသိပေးတာတွေရှိပါတယ်”

စစ်ကောင်စီတပ်ဟာ စစ်တွေနဲ့ ကျောက်ဖြူ စတဲ့မြို့အနီးဝန်းကျင်မှာလည်း မြေမြှုပ်မိုင်းတွေ ထောင်ထားတာရှိပြီး မိုင်းနင်းမိလို့ ဒေသခံတွေ သေဆုံး၊ ဒဏ်ရာရတာတွေလည်းရှိပါတယ်။

ဧပြီလ ၂၁ ရက်နေ့ကလည်း စစ်တွေမြို့ကနေ တခြားမြို့၊ ရွာတွေကို တိတ်တဆိတ်တိမ်းရှောင်ဖို့ ကြိုးစားရင်း မြေမြှုပ်မိုင်းနင်းမိတာကြောင့် ဒေသခံ သုံးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့ပါတယ်။

မောင်တောမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု အဘူဂျာရွာမှာလည်း ဧပြီလ ၂၁ ရက်နေ့မှာမှာပဲ စစ်လက်ကျန် ဗုံးသီးတစ်လုံးကို ထုခွဲကြည့်ရာက ပေါက်ကွဲတာကြောင့် ကလေး သုံးဦး သေဆုံးပြီး လေးမြို့ ကေဒီရွာက ကလေး နှစ်ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

ဧပြီလ ၂၀ ရက်နေ့ကလည်း မင်းပြားမြို့နယ် ဆင်ကြီးပြင်ရွာမှာ မြေမြှုပ်မိုင်းနင်းမိလို့ တစ်ဦး သေဆုံးခဲ့ပြီး ကျောက်ဖြူမြို့နယ် ဂုံးချွိန်တိုက်နယ် နှမ်းဖဲတောင်ရွာက ဒေသခံ တစ်ဦးလည်း မိုင်းနင်းမိလို့ ဒဏ်ရာရခဲ့ပါတယ်။

မောင်တောမြို့နယ် တမန်းသားရွာမှာလည်း ဧပြီလ ၁၃ ရက်နေ့က စစ်ကျန်လက်နက်ကြီးကျည်တစ်လုံးကို ဆော့ကစားရာမှာ ကလေး ခုနစ်ဦးဒဏ်ရခဲ့ပြီး မင်းပြားမြို့နယ် င/တန်ပျင်းရွာမှာလည်း ဗုံးသီးတစ်လုံးကို ထုကြည့်ရာမှာ ဖခင်ဖြစ်သူ သေဆုံးပြီး သမီးပါ ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းနဲ့ လက်ကျန်ဗုံးတွေကြောင့်လို့ ဒေသခံတွေက ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီအပေါ်တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

RFA ရဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်က တစ်ကျော့ပြန်တိုက်ပွဲ ငါးလနီးပါးအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ နှစ်ရာကျော် သေဆုံးပြီး ခြောက်ရာနီးပါး ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။