တရုတ်နယ်စပ် မူဆယ်မှာ မြေမြှုပ်မိုင်းကြောင့် အမျိုးသမီးတစ်ဦး သေဆုံး
2024.02.23
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နယ်မှာ ဖေဖော်ဝါရီလ ၂၂ ရက် မနေ့ ညနေပိုင်းက အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးသွားတယ်လို့ မူဆယ်ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
သေဆုံးသူ အမျိုးသမီးဟာ မူဆယ်မြို့ တောင်ရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး မူဆယ်ကနေ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ဘက်အထွက် မန့်မိုင်ရွာတောင်ကုန်း အနီးမှာ မိုင်းနင်းမိခဲ့တာလို့ မူဆယ်ဒေသခံက ပြောပါတယ်။
“တံမြက်စည်းအပင် ခုတ်ဖို့သွားရင်းနဲ့ မိုင်းပေါက်ကွဲတာ။ မိုင်းစက မျက်နှာတွေရော၊ ခေါင်းတွေမှာပါ ထိသွားတယ်။ ခြေထောက်နှစ်ဖက်လုံးလည်း ထိထားတာဗျ။ ဆေးရုံပို့တော့ ဒီမနက်မှာပဲ ဆုံးသွားတယ်”
မူဆယ်မြို့နယ် အတွင်းမှာ အခုလ ၁၁ ရက်နေ့နဲ့ ၁၅ ရက်နေ့တွေတုန်းကလည်း မြေမြှုပ်မိုင်းနင်းမိလို့ အမျိုးသား နှစ်ဦး ခြေထောက်ဖြတ်လိုက်ရပါတယ်။
၁၀၂၇ စစ်ဆင်ရေးအပြီး ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို မြောက်ပိုင်းအဖွဲ့က သိမ်းပိုက်ထားပြီး မူဆယ်မြို့ကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။
RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ဇန်နဝါရီတစ်လအတွင်း ရှမ်းမြောက်ဒေသ နမ့်ခမ်းမြို့မှာ မြေမြှုပ်မိုင်းကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး လားရှိုး၊ သီပေါ၊ နမ့်ဆန်၊ မူဆယ်၊ မန်တုံ၊ နမ္မတူနဲ့ ကိုးကန့်ဒေသ အတွင်းမှာတော့ အမျိုးသမီး ငါးဦးနဲ့ အမျိုးသား ၁၇ ဦး စုစုပေါင်း ၂၃ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒဏ်ရာရသူတွေထဲမှာ မူဆယ်မြို့နယ်က ခြောက်ဦး၊ လားရှိုးမြို့နယ်က ငါးဦး၊ သီပေါမြို့နယ်က ငါးဦး၊ ကိုးကန့် ဒေသက သုံးဦး၊ နမ့်ဆန်၊ နမ္မတူ၊ မန်တုံမြို့နယ်တွေက တစ်ဦးစီ ပါဝင်ပါတယ်။
အရပ်သားတွေ မြေမြှုပ်မိုင်း ထိခိုက်တဲ့နေရာတွေဟာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင် သုံးဖွဲ့ကြား တိုက်ပွဲပြင်းထန်ခဲ့တဲ နေရာတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကရော၊ မြောက်ပိုင်းညီနောင် သုံးဖွဲ့ဘက်ကပါ ပြန်လည်တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။