ကျုံပျော်မြို့နယ်မှာ ဒေသခံ လူငယ် ဆယ်ဦးကျော် ဖမ်းဆီးခံရ
2024.02.28

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ် အထောင်တိုက်နယ်မှာရှိတဲ့ ရွာသုံးရွာက ဒေသခံလူငယ်ဆယ်ဦးကျော်ကို နိုင်ငံရေးလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခဲ့ပြီး ရိုက်နှက်စစ်ဆေးနေတယ်လို့ အဲဒီအကြောင်းကိုသိတဲ့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက်က အထောင်တိုက်နယ်၊ အင်းတယော်ကျေးရွာအုပ်စု ကျည်းတောရိုးရွာမှာနေတဲ့ ကိုဖရက်ဒီကို စစ်ကောင်စီတပ်သားတွေက နိုင်ငံရေးလုပ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စတင်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
အဲဒီနောက်မှာ ကိုဖရက်ဒီနဲ့ ဆက်စပ်ပြီး ညောင်ကုန်းရွာနဲ့ ကြာအင်းရွာမှာက လူငယ်ဆယ်ဦးကျော်ကိုပါ ဆက်တိုက် ဖမ်းဆီးခဲ့တာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ကျုံပျော်မြိူ့နယ်မှာဆိုရင် ၂၅ ရက်နေ့က စတင်ပြီး အဖမ်းခံခဲ့ရတဲ့ ကောင်လေးတစ်ယောက် ရှိပါတယ်။ သူ့ကို အရင်ဆုံးဖမ်းတယ်။ သူကတော့ လက်ရှိအထောင်ရဲစခန်းမှာပဲ စစ်ဆေးနေတုန်းပဲ။ ကောင်လေးက စစ်ဆေးမှုမှာ နည်းနည်းလေး သူတို့ရိုက်နှက်မှုတွေများတဲ့အတွက် သတိလစ်နေတယ်လို့ အစ်ကိုတို့သိရတယ်။ သူ့နောက်မှာမှ နိုင်ငံရေးမသင်္ကာနဲ့ ဝင်ဖမ်းတာ အခုဆိုရင် ဆယ်ဦးကျော်သွားပြီ "
ကိုဖရက်ဒီနဲ့ ဒေသခံလူငယ်တွေ ဆက်တိုက်အဖမ်းခံရတာကြောင့် တချို့လူငယ်တွေလည်း ထွက်ပြေး တိမ်းရှောင်သွားကြလို့ အဲဒီဒေသခံက ဆိုပါတယ်။
ဒီဖမ်းဆီးမှုတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ဇန်နဝါရီလ ၆ ရက်နေ့ကလည်း ကျုံပျော်မြို့နယ်၊ မဂူရိုးရွာမှာ ရာအိမ်မှူးဦးသန်းမင်းအောင်နဲ့ ဆယ်အိမ်မှူး ဦးငွေသိန်းတို့ သတ်ဖြတ်ခံရတာနဲ့ ဆက်စပ်ပြီး ဒေသခံ ခုနစ်ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။