ကျိုက်ထိုလူမှုကူညီရေးအသင်းဝင် လေးဦး အကြမ်းဖက်ပုဒ်မနဲ့ အမှုဖွင့်ခံရ
2024.06.29

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ ကော့စံနိုင်လူမှုကူညီရေး အသင်းသား လေးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ ပုဒ်မတွေနဲ့ အမှုဖွင့်လိုက်တယ်လို့ သူတို့နဲ့နီးစပ်သူတွေက RFA ကို ဇွန်လ ၂၉ ရက်နေ့က ပြောပါတယ်။
ကော့စံနိုင်လူမှုကူညီရေးအသင်းက လေးဦးကို အကြမ်းဖက်ပုဒ်မတွေနဲ့ အမှုဖွင့်လိုက်တယ်လို့ သူတို့နဲ့နီးစပ်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"သူတို့ လေးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ သိရတယ်။ အသေးစိတ်တော့ မသိရသေးဘူး။ အနည်းဆုံးတော့ ပုဒ်မ၅၂ (က) လောက်ဖြစ်မယ်"
ဘယ်ပုဒ်မတွေနဲ့ ဘယ်နေ့က အမှုဖွင့်လိုက်တယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ ကော့စံနိုင်ရပ်ကွက်မှာ လူမှုကူညီရေးအသင်းဝင်တွေဖြစ်တဲ့ ဦးမြအောင်နဲ့ မချစ်စုရတနာတို့ သားအဖ နှစ်ဦး၊ ကိုချမ်းသာအောင်၊ ဦးစိုးလှိုင်တို့ အပါအဝင် ဒေသခံ ရှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်က ဇွန်လ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ ဖမ်းဆီးခဲ့တာပါ။
အသင်းဝင် လေးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို စားနပ်ရိက္ခာတွေထောက်ပံ့ပေးတာ၊ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ သတင်းတွေကို ပေးတာ စတဲ့ စွပ်စွဲချက်တွေနဲ့ စစ်ကောင်စီက တရားစွဲတာလို့လည်း ဆိုပါတယ်။
ဒီအသင်းဝင်တွေနဲ့အတူ ဖမ်းဆီးခံရတဲ့ နောက်ထပ် ဒေသခံ လေးဦးရဲ့အခြေအနေတော့ မသိရသေးပါဘူး။ ဖမ်းဆီးခံထားရသူတွေက မိသားစုနဲ့ တွေ့ခွင့်မရတဲ့အပြင် သူတို့အခြေအနေနဲ့ ပတ်သက်ပြီးလည်းဘာမှမသိရတာကြောင့် မိသားစုက စိုးရိမ်နေကြတယ်လို့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
စတင်ဖမ်းဆီးချိန်က ကျိုက်ထိုမြို့မရဲစခန်းကို ခေါ်ဆောင်သွားပြီး နောက်ပိုင်းမှာတော့ ဘယ်နေရာမှာ ချုပ်နှောင်ထားတယ်ဆိုတာ မသိရတော့ဘူးလို့လည်း ဆိုပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီ မွန်ပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးစောကြည်နိုင် ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန်လ ၂၈ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်းကာလအတွင်း နိုင်ငံရေးနဲ့ ဆက်စပ်လို့ လူပေါင်း ၂၆,၉၃၆ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက ၂၀,၆၅၄ ဦးကတော့ ဆက်လက် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။