စစ်ပြေးဒုက္ခသည်တွေကို နာရေးကူညီမှုအသင်း ဒုတိယအကြိမ် လှူမယ်

စစ်မက်ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်က စစ်ပြေး ဒုက္ခသည်တွေ အတွက် ရုပ်ရှင် သရုပ်ဆောင် ကိုကျော်သူ ဦးဆောင်တဲ့ နာရေး ကူညီမှုအသင်း (ရန်ကုန်) က ငွေကျပ် သိန်း ၃၀၀ ကျော်နဲ့ ပစ္စည်း အကူအညီတွေ ဇန်နဝါရီ ၁၂ ရက်မှာ သွားရောက် လှူဒါန်းမယ်လို့ သိရပါတယ်။

2012.01.11
kachin-refugees-305.jpg တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ကချင်ဒုက္ခသည်တွေ ကို တွေ့ရစဉ်
Photo: KIO

နာရေးကူညီမှုအသင်း ( ရန်ကုန် ) ဟာ ပြီးခဲ့တဲ့ ဒီဇင်္ဘာ ၆ ရက်က မြစ်ကြီးနား တစ်ဝိုက်က ဒုက္ခသည်တွေကို အလှူငွေ သိန်း ၁၀၀ ကျော် အကူအညီ ပေးခဲ့ပြီး အခုအကြိမ်ဟာ ဒုတိယအကြိမ်ပါ။

ဒီတစ်ကြိမ်မှာလည်း ကိုကျော်သူရဲ့ဇနီး ဒေါ်ရွှေဇီးကွက် ကိုယ်တိုင် ကချင်ပြည်နယ် ဗန်းမော်မြို့ကို သွားရောက် လှူဒါန်းမယ်လို့ ကိုကျော်သူက ပြောပါတယ်။

ပထမအကြိမ် မြစ်ကြီးနားကို သွားရောက် လှူဒါန်းစဉ်က စစ်ပွဲတွေ ဆက်တိုက် ဖြစ်နေတာရယ်၊ သွားလာရေး အခက်အခဲတွေ ရှိခဲ့တာရယ်ကြောင့် ကြိုတင် စီစဉ်ထားသလောက် မလှူဒါန်းခဲ့ရဘူးလို့ ကိုကျော်သူက ပြောပါတယ်။

“ပထမအခေါက်က ကျွန်တော်တို့က ဒီက မတည်လိုက်တာက ၂၀၀၊ ဟိုမှာ ၁၀၀ ကျော်လောက်ပဲ ကျွန်တော်တို့ လှူဖြစ်သွားတယ်။ သွားလို့မရတဲ့ နေရာတွေက များတယ်။ ကျွန်တော်တို့ သွားခွင့်ရတဲ့ နယ်နိမိတ်အထိပဲ သွားရတာကိုး။ သူတို့က တော်တော်လေး ဝမ်းသာတာပေါ့လေ။ ရန်ကုန်မြို့ကနေ ဒီလို တကူးတက လာလှူတယ်၊ နာရေးအသင်းက လာလှူတယ်ဆိုတော့ အံ့လည်း အံ့သြတယ်ပေါ့လေ။ ကျွန်တော်တို့က တစ်ယောက်ချင်း လက်ထဲကို အလှူငွေ ထည့်ပေးနိုင်တဲ့အတွက် သူတို့လည်း တော်တော်လေး ကျေနပ်တယ်”

ကချင်ဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီရုံးကတော့ နာရေး ကူညီမှုအသင်း (ရန်ကုန်) က စစ်ပြေး ဒုက္ခသည်တွေကို အဲဒီလို သွားရောက် ကူညီခဲ့တာနဲ့ ပတ်သက်ပြီး ကျေးဇူးတင်ကြောင်း ကြေညာချက် ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဇွန်လထဲက မြန်မာ အစိုးရတပ်တွေနဲ့ ကချင် လွတ်လပ်ရေး တပ်မတော် KIA တို့အကြား တိုက်ပွဲတွေ စတင် ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲတွေကြောင့် မြစ်ကြီးနားနဲ့ ဗန်းမော်မြို့ အပါအဝင် နယ်စပ်က ဒုက္ခသည် စခန်းတွေကို ထွက်ပြေး ခိုလှုံနေကြတဲ့ ဒုက္ခသည် အရေအတွက် ၇ သောင်းခန့် ရှိနေတယ်လို့ ဂျာမနီ အခြေစိုက် ဒုက္ခသည် ကူညီရေးအဖွဲ့ရဲ့အဆိုအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-01-11 23:48

ကချင်ပြည်နယ်ဖားကန့်နယ်တွေဘက်မှာKIAနှင့်မြန်မာစစ်တပ်တွေတိုက်ပွဲတွေဖြစ်နေတဲ့အတွက် ဆယ်စင်း၊တာမခံ၊ဟောင်ပါး၊ဖားကန့် စတဲ့နယ်တွေမှာဒေသခံကလွဲပြီး တခြားသူတွေကို နေရပ်ပြန်ခိုင်းနေတယ်လို့သိရပါတယ် 12.1.12နေ့ကဆိုရင် ဥရုချောင်းမှာ စစ်ပြေးပြီး နေရပ် ပြန်တဲ့ သူတွေတော်တော်များများကိုတွေ့ရပါတယ်။ဥရုချောင်းဘေးက နောင်ပိုအောင်ရွာက11.1.12 နေ့ကစပြီးဒုက်ခသည်တွေကိုထမင်းထုတ်တွေလှူဒါန်းနေပါတယ်လို့သိရပါတယ်။