ဦးကျော်မိုးထွန်း မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်ကြီးအဖြစ် ဆက်ရှိနေ

RFA Burmese
2023.12.19
ဦးကျော်မိုးထွန်း မြန်မာနိုင်ငံဆိုင်ရာ ကုလသံအမတ်ကြီးအဖြစ် ဆက်ရှိနေ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား နယူးယောက်မြို့တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့က ကျင်းပသည့် (၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တွေ့ရစဉ်။
ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး - ဖေ့စ်ဘွတ်ခ်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် နိုင်ငံကိုယ်စားပြုမှုအရေး ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ် စိစစ်ရေးကော်မတီ (Credential Committee) က ရွှေ့ဆိုင်းလိုက်တာကြောင့် ဦးကျော်မိုးထွန်းကပဲ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ဆက်ရှိနေမှာဖြစ်ပါတယ်။

ကုလသမဂ္ဂ နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ် စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဂျိမ်း မာဂါဖာလူ ခါဘူဝီ (Jane Mugafalu Kabui) က ဒီဇင်ဘာ ၆ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ဒီဆုံးဖြတ်ချက်ကိုအဆိုပြုခဲ့ပြီး မဲမခွဲဘဲ အတည်ပြုခဲ့တာပါ။

အဖွဲ့ဝင်နိုင်ငံအသီးသီးက စေလွှတ်တဲ့ ကုလသမဂ္ဂအမြဲတမ်း သံအမတ်ကြီးရာထူးကို ကုလသမဂ္ဂဆိုင်ရာ နိုင်ငံကိုယ်စားလှယ် ခန့်ထားရေး စိစစ်တဲ့ ကုလသမဂ္ဂ နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ် စိစစ်ရေးကော်မတီက နှစ်စဉ် ဆုံးဖြတ်အတည်ပြုပေးရတာ ဖြစ်ပါတယ်။

အခုနှစ်အတွက် ပြန်ဖွဲ့စည်းလိုက်တဲ့ ကော်မတီအသစ်ဟာ စက်တင်ဘာ ၅ ရက်နေ့ကတည်းက တစ်ကြိမ်မှ အစည်းအဝေးထိုင် ဆုံးဖြတ်တာမရှိသေးတဲ့အတွက် လက်ရှိကာလမှာ ပြီးခဲ့တဲ့နှစ်က အတည်ပြုထားတဲ့အတိုင်း နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေ ဆက်ရှိနေဦးမယ်လို့ အထွေထွေညီလာခံဥက္ကဋ္ဌရဲ့ ပြောရေးဆိုခွင့်ရှိသူ မော်နီကာ ဂရေးလီ (Monica Grayley) က RFA ကို ပြီးခဲ့တဲ့ စက်တင်ဘာလက အတည်ပြုပြောထားပါတယ်။

ကုလသမဂ္ဂရဲ့ အရည်အချင်းစစ်ကော်မတီမှာ မြန်မာစစ်ကောင်စီနဲ့ နီးစပ်တဲ့ တရုတ်နဲ့ ရုရှားတို့ အပါအဝင် ကိုးနိုင်ငံ ပါဝင်ပြီး သက်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ ကိုယ်စားလှယ်ကို အတည်ပြုဆုံးဖြတ်ပေးရတာပါ။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ဦးကျော်မိုးထွန်းဟာ စစ်ကောင်စီကို ကိုယ်စားမပြုဘဲ NLD အစိုးရနဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကိုသာ ကိုယ်စားပြုကြောင်း ဖေ‌ဖော်ဝါရီ ၂၆ ရက်နေ့ ကုလသမဂ္ဂအစည်းအဝေးမှာ တရားဝင်ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။