မြန်မာ့အရေးမှာ UN က ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေ လိုအပ်ကြောင်း ဦးကျော်မိုးထွန်း ပြောကြား

2021.10.30
မြန်မာ့အရေးမှာ UN က ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေ လိုအပ်ကြောင်း ဦးကျော်မိုးထွန်း ပြောကြား ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို တွေ့ရစဉ်
Photo: AFP

မြန်မာ့အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂရဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေ အချိန်နဲ့တပြေးညီ လိုအပ်နေ တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြား လိုက်ပါတယ်။

အောက်တိုဘာ ၂၉ ရက် မနေ့ကမနက်ပိုင်းက အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပနေတဲ့ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောကြားတာပါ။

"ပြည်သူအားလုံးရဲ့ အခြေခံ လူ့အခွင့်အရေးတွေအပေါ် ကမ္ဘာက အလေးထားအာရုံစိုက်မှုရဖို့နဲ့ ပြည်သူ တွေအပေါ် စစ်တပ်က ရက်စက်စွာပြုမှုနေတာတွေကို တားဆီးဖို့အတွက် ကုသလမဂ္ဂရဲ့ လုပ်ဆောင်ချက် တွေက အသေအချာလိုအပ်နေပါတယ်။ ကုလသမဂ္ဂရဲ့ အချိန်နဲ့တပြေးညီ ပြတ်သားစွာ အရေးယူမှုတွေ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ လုပ်ဆောင်ချက်တွေက နောက်ကျနေပြီဖြစ်ပါတယ်"

မြန်မာနိုင်ငံရဲ့ သမိုင်းဝင် အလှည့်အပြောင်းကာလမှာ ပြည်သူတွေအတွက် နိုင်ငံတကာရဲ့ ခိုင်မာတဲ့ ထောက်ခံအားပေးမှုလိုနေပြီး မြန်မာပြည်မှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ပြန်ရချိန်အထိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အာဂျင်ဒါထိပ်ဆုံးမှာ မြန်မာ့အရေးကို ထားပေးဖို့ကိုလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက မေတ္တာရပ်ခံခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး နိုင်ငံတကာ ရာဇဝတ် ခုံရုံး (ICC) ရဲ့ တရားစီရင်မှုကို လက်ခံသွားမယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုထားပြီး ရိုဟင်ဂျာ အရေးအတွက် မူဝါဒချမှတ်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီး ၉ လအတွင်း ဖမ်းဆီး၊ သတ်ဖြတ်ခံရမှုတွေရှိတဲ့အကြောင်းနဲ့ မနေ့က ချင်းပြည်နယ်၊ ထန်တလန်မြို့က ခရစ်ယာန်ဘုရားကျောင်း နှစ်ကျောင်းအပါအဝင် အိမ်ခြေအများအပြား မီးရှို့ခံရမှုနဲ့ ပတ်သက်လို့လည်း ဦးကျော်မိုးထွန်းက တင်ပြခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။